၁။ ကြက်သွန်

ကြက်သွန် လတ်ဆတ်နေစေရန်အတွက် လေဝင်လေထွက်ရဖို့ လိုအပ်ပါတယ်။ ကြက်သွန်ကို ရေခဲသေတ္တာထဲ လုံးဝ မထည့်သင့်ပါ။ အာလူးနှင့် ကြက်သွန်ကို အတူတူ လှောင်ထားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ထိုနှစ်မျိုးက ကိုယ်စီ ထုတ်လွှတ်သော ဓာတ်ငွေ့တို့က တစ်မျိုးနှင့် တစ်မျိုး အပြန်အလှန် ဖျက်ဆီးတတ်သဖြင့် မြန်မြန် ပုပ်စေနိုင်စွမ်း ရှိပါတယ်။ 

၂။ ပင်စိမ်းရွက်

ပင်စိမ်းရွက်ကို အပူချိန် (၅) ဒီဂရီ စင်တီဂရိတ်အောက်မှာ ထားလိုက်သည်နှင့် အရွက်များသည် သိပ်မကြာခင်မှာပင် မည်းသွားတတ်ပါတယ်။ ဖန်ခွက်ထဲသို့ ရေအနည်းငယ်ထည့်ကာ ပင်စိမ်းရိုးတံကို နှစ်ထားပြီး ထားလျှင် အကောင်းဆုံး ဖြစ်ပါတယ်။ အရွက်တွေ လေသလပ်ပြီး ခြောက်မသွားရအောင် အပေါ်ကနေ ပလတ်စတစ်အိတ်နဲ့ ခပ်ရွရွလေး အုပ်စွပ် ပေးပြီးတော့လည်း ထားနိုင်ပါတယ်။

၃။ အာလူး

ရေခဲသေတ္တာထဲရှိ လေအေးသည် အာလူးထဲတွင် ပါသော အချွဲဓာတ်ကို သကြားဓာတ် အဖြစ်သို့ ပြောင်းပစ်လိုက်ပါတယ်။ အာလူးကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်လျှင် ကိုက်ရတာ ခပ်ချွဲချွဲ မဟုတ်တော့ဘဲ ဖွယ်တယ်တယ် ပွတတ ဖြစ်နေပါတော့တယ်။ အချွဲဓာတ်မှတစ်ဆင့် သကြားဓာတ်သို့ ပြောင်းသွားပါသဖြင့် အာလူးက ပုံမှန်ထက် ပိုချိုနေတတ်ပါတယ်။ ဒ့ါကြောင့် အားလုံးကို ရေခဲသေတ္တာထဲသို့ ထည့်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ 

၄။ ခရမ်းချဉ်သီး

အများစုက ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ ထည့်လေ့ ရှိပါတယ်။ ဒီလိုထားခြင်းက ခရမ်းချဉ်သီးရဲ့ လတ်ဆတ်မှု၊ အရည်ရွှမ်းမှုများ ပျောက်ဆုံးသွားပါတယ်။ လတ်ဆတ်သော အရသာများ ပျောက်ဆုံးပြီး၊ ပါးစပ်ထဲ ဖွယ်တယ်တယ် ဖြစ်စေသော အရသာ တိုးလာပါလိမ့်မယ်။ ခရမ်းချဉ်သီးကို သိုလှောင်ထားဖို့ အကောင်းဆုံး နေရာမှာ မီးဖိုချောင်ထဲက လေဝင် လေထွက်လည်းရ၊ အလင်းရောင်လည်း ရသော စင်ပေါ်မှာသာ ဖြစ်ပါတယ်။

၅။ ဖရဲသီး အလုံးလိုက်

ဖရဲသီးကို ခွဲစိပ်ထားတာမျိုး မဟုတ်ဘဲ ရေခဲသေတ္တာထဲ အလုံးလိုက် ထည့်ထားခြင်းသည် ဖရဲသီးတွင်ပါ၀င်သော အကျိုးပြုသည့် antioxidant များကို တစ်ဝက်လောက် လျော့သွားစေပါတယ်။ ထို့ပြင် Betacarotin ဓာတ်များလည်း များစွာ လျော့ကျသွားစေပါတယ်။ ၄င်းဓာတ်များသည် အသားအရေကို လှပတင်းရင်းစေပြီး မျက်စိအမြင် အာရုံကို ကောင်းမွန်စေပါတယ််။ ထို့ကြောင့် ဖရဲသီးကို အလုံးလိုက် ရေခဲသေတ္တာထဲသို့ ထည့်ခြင်းကို ရှောင်ကြဉ်သင့်ပြီး ခွဲစိပ်ပြီးမှာသာ ရေခဲသေတ္တာထဲ ထည့်ထားပြီး စားသုံးသင့်ပါတယ်။ 

ဒါတွေကို သိရှိပြီး သင့် အိမ်က ရေခဲသေတ္တာထဲမှာ မှားယွင်းစွာ ထည့်ထားမိတယ်ဆိုရင် ဖယ်ထုတ်ပစ်လိုက်ပါ။ သူငယ်ချင်းတွေကိုလည်း ဗဟုသုတအဖြစ် မျှဝေနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။