လူ့လောကထဲ နှစ်ကြိမ် ရောက်ရှိခဲ့သည့် ကလေးမလေး ကျန်းမာရေး ကောင်းမွန်စွာ ကြီးပြင်းလာ

ရှားပါးဖြစ်စဉ် အနေဖြင့် လူ့လောကထဲ နှစ်ကြိမ် မွေးဖွား ရောက်ရှိခဲ့သည့် အမေရိကန် ကလေးငယ်၏ ကျန်းမာပျော်ရွှင်နေသော ဓာတ်ပုံများကို မိသားစုက ထုတ်ပြန် ပြသလိုက်သည်။

တက္ကဆက်စ်ရှိ လီဝစ္စဗီးလ်တွင် နေထိုင်သည့် ကလေးမလေးမှာ သန္ဓေသားလောင်း ဘဝတွင် မိခင်၏ ဝမ်းကြာတိုက်မှ ပြင်ပလောကသို့ တစ်ကြိမ် ရောက်ရှိခဲ့ပြီး နောက်တစ်ကြိမ်ကျမှ အမှန်တကယ် မွေးဖွားခဲ့သူ ဖြစ်သည်။ လင်လီဟုပ်ဟု အမည်ပေးထားသည့် ကလေးမလေးသည် သန္ဓေသား ဘဝတွင် အသက်ကယ် ကုထုံးတစ်ရပ်အတွက် ခွဲစိတ်မှု ခံယူခဲ့ရသူ ဖြစ်သည်။

မိခင်ဖြစ်သူ မာဂရက်ဟောကင်းစ် ဘိုမာသည် ကိုယ်ဝန် ၁၆ ပတ်တွင် Ultra-sound ရိုက်ချိန်၌ သမီးလေး၌ အကြိတ်တစ်ခု တွဲဆက် ပါဝင်နေသည်ကို သိရှိလာခဲ့သည်။ ကိုယ်ဝန်သည် မူလက အမြွှာဖြစ်သော်လည်း သန္ဓေသားတစ်ခု ပျက်စီးသွားပြီး လင်လီ၏ ကျောရိုးတွင်လည်း အကြိတ်တစ်ခု တွယ်ကပ်နေသည်ကို တွေ့ရှိခဲ့သည်။ Scroccoccygeal Teratomaဟု ဆေးပညာ အသုံးအနှုန်းဖြင့် ခေါ်ဝေါ်သည့် အကြိတ်သည် သန္ဓေသား၏ သွေးစီးဆင်းမှုကို လမ်းကြောင်းပြောင်းလဲ ဖောက်ပြန်စေရာ ကလေး၏ နှလုံးအတွက် အန္တရာယ် ကြီးမားကြောင်း ဆရာဝန်များက ရှင်းပြခဲ့သည်။

ထို့နောက်တွင်မူ မိခင်ဖြစ်သူ မာဂရက် အနေဖြင့် သန္ဓေသားကို အဆုံးရှုံး ခံမည်လား၊ အလွန်အန္တရာယ်များသည့် ခွဲစိတ်မှုကို ခံယူမည်လား ဆုံးဖြတ်ရန် အကြောင်းဖန်လာသည်။ “ကိုယ်ဝန်သက်တမ်း ၂၃ ပတ်မှာ အကြိတ်က ကလေးရဲ့ နှလုံးကို ဖိထားသလို ဖြစ်နေတယ်။ သန္ဓေသားက နှလုံးခုန် မမှန်တော့ဘူး။ ဒီတော့ အကြိတ်ကို ဖယ်ထုတ်နိုင်မှသာ သူ့အတွက် အသက်ရှင်ခွင့် ဖန်တီးနိုင်လိမ့်မယ်။ ကျွန်မကတော့ လွယ်လွယ်လေးပဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ သမီးလေးရဲ့ ရှင်သန်ခွင့်အတွက် စွန့်စားကြည့်ချင်တယ်လေ”ဟု မာဂရက်က ဆိုသည်

ထို့နောက် ဆရာဝန်များက သန္ဓေသားကို ခွဲထုတ်ကာ အကြိတ်ကို ဖယ်ရှားကုသခဲ့သည်။ ထိုခွဲစိတ်မှုသည် မိနစ် ၂၀ မျှ ကြာမြင့်သည်။ ပထမအကြိမ် ပြင်ပလောကသို့ ရောက်လာချိန်၌ လင်လီ တဖြစ်လဲ သန္ဓေသားလေးမှာ ၁ ပေါင်နှင့် ၃ အောင်စမျှသာ အလေးချိန် ရှိသေးသည်။ ကလေး၏ ခန္ဓာကိုယ် အရွယ်အစား နီးပါးမျှ ရှိနေသည့် အကြိတ်ကို ဖယ်ထုတ်ပြီးနောက် ဆရာဝန်များက သန္ဓေသားလေးကို မိခင်၏ သားအိမ်ထဲ ပြန်ထည့်ပေးခဲ့သည်။ လင်လီလေး အသက်ရှင်ရန် ဖြစ်နိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းမျှသာ ရှိကြောင်းလည်း ဆရာဝန်များက ပြောကြားခဲ့သည်။

တက္ကဆက်စ် ကလေးဆေးရုံ၏ သန္ဓေသား ယူနစ်မှ ဒေါက်တာ ဒါရဲလ်ကက်စ်သည် အဆိုပါ ခွဲစိတ်မှုကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ “အကြိတ်အရွယ်အစားက ကြီးလွန်းတယ်။ ဒီတော့ တိုက်ရိုက် ခွဲစိတ်ဖြတ်ထုတ်တဲ့ နည်းကလွဲရင် ရွေးချယ်စရာ မရှိဘူး။ ကလေးကိုတော့ သားအိမ်အပြင် ထုတ်ထားလိုက်ရတာပေါ့”ဟု ၎င်းက ရှင်းပြသည်။ ထိုအချိန်တွင် ကလေး၏ နှလုံးခုန်မှု ရပ်နေသော်လည်း နှလုံးအထူးကု ဆရာဝန် တစ်ဦး၏ စောင့်ရှောက် ကုသပေးနေမှုကြောင့် သန္ဓေသားလေးမှာ ဆက်လက် အသက်ရှင်နေခဲ့သည်။ အကြိတ်ကို ဖယ်ရှားလိုက်ပြီးနောက် သန္ဓေသားလေးကို အမိဝမ်းထဲ ပြန်ထည့်ကာ သားအိမ်ကို ချုပ်ပေးခဲ့သည်။

ခွဲစိတ်မှုအပြီးတွင် မာဂရက်သည် ၁၂ ပတ်လုံးလုံး အိပ်ရာထဲတွင် လှဲလျောင်းကာ အနားယူခဲ့ရသည်။ ဇွန် ၆ ရက်တွင်မူ လင်လီလေး လူ့လောကထဲ ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။ သူမကို ခွဲစိတ်၍ မွေးဖွားပေးခဲ့ပြီး ထိုအချိန်တွင် ကိုယ်အလေးချိန် ၅ ပေါင် ၅ အောင်စ ဖြစ်နေပြီဖြစ်သည်။ လင်လီလေးအသက် ၈ ရက်သမီးတွင် မြီးညောင့်ရိုး နေရာ၌ ရှိနေသည့် အကြိတ် အပိုင်းအစ အကြွင်းအကျန်များကို သီးခြား ခွဲစိတ်မှု တစ်ရပ်ဖြင့် ထပ်မံ ဖယ်ရှားပေးခဲ့ရသည်။

ယခုအခါတွင်မူ ကလေးမလေးမှာ ကျန်းကျန်းမာမာနှင့် ကြီးပြင်းလာနေပြီဟု ဒေါက်တာကက်စ်က ဆိုသည်။ “သူက အခုမှ နို့စို့အရွယ်လေးပဲ ရှိသေးတယ်။ ဒါပေမဲ့ တကယ်လှတဲ့ မိန်းကလေးပေါ့ဗျာ”ဟု ၎င်းက ချီးကျူးသည်။ Scroccoccygeal Teratoma ဖြစ်ရပ်သည် ရှားပါးသည့် မွေးရာပါ ချွတ်ချော်မှု တစ်ရပ်ဖြစ်ပြီး မွေးဖွားမှု သုံးသောင်းနှင့် ခုနစ်သောင်းကြားတွင် တစ်ဦးမျှသာ ကြုံတွေ့လေ့ရှိသည်။ ယင်းဖြစ်ရပ်သည် မိန်းကလေး သန္ဓေသားများတွင် ဖြစ်ပေါ်နိုင်ခြေမှာ ယောက်ျားလေးများထက် လေးဆ ပိုများကြောင်းလည်း သိရှိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။