ရွှေတိဂုံစေတီတော် ကုန်းတော်ပေါ်တွင် ရွှေတိဂုံဘုရားကြီးမှလွဲလျှင် သူ့ထောင့်နှင့်သူ မွန်ဘုရင်များ၊ မြန်မာမင်းများ၊ မှူးမတ်စစ်သေနာပတိများ၊ ထွက်ရပ်လမ်း အားထုတ်သော ဘိုးဘိုးအောင် ဓမ္မစေတီနှင့်တကွ ဘားမဲ့ဆရာတော်၊ ရှင်မထီး၊ ရှင်အဇ္ဇဂေါဏ စသော ပုဂ္ဂိုလ်အကျော်အမော်များ တည်ထားကိုးကွယ်ခဲ့သည့် ဘုရားများစွာ ရှိနေပေသည်။

လောကီပညာ ထွက်ရပ်လမ်းဂိုဏ်းကို လေ့လာလိုက်စားအားထုတ်သော ပုဂ္ဂိုလ်တို့သည် ရွှေတိဂုံဘုရား ကုန်းတော်ပေါ်ရှိ ထူးခြားသော ၉ ဌာနသို့လှည့်ပြီး ရှိခိုးပူဇော် အားထုတ်လေ့ ရှိကြသည်။ ထို ထူးခြားသော ၉ ဌာနကို မန်လည်ဆရာတော်ဘုရားကြီးနှင့်တကွ ထင်ရှားကျော်ကြားသော ဆရာတော်များသည်လည်း လှည့်လည်ရှိခိုး ပူဇော်လေ့ ရှိတတ်ကြလေသည်။

ထို ထူးခြားသော ၉ ဌာနမှာ -

(၁) တဝဂူ ဆုတောင်းပြည့်ဘုရား

ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတဝဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုဆိုလျှင် မှားမည် မဟုတ်ပေ။ တဝဂူပတ္တမြား မျက်ရှင်ဘုရားဟုလည်း ခေါ်တွင်လေသည်။

(၂) ၀ိဇ္ဇာဇော်ဂျီဘုရား

ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထားသည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့် ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။

(၃) ဆုတောင်းပြည့်ဘုရား

ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီးနံဘေးတွင် တည်ရှိသည်။ အချို့က ဘားလေးဘားဘုရားဟု ခေါ်ကြသည်။

(၄) ရှင်မထီးဘုရား

ရွှေတိဂုံဘုရားရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးဘုရား မြောက်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) အနီးရှိ ဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀ ခန့်က ရှင်မထီးဆရာတော် တည်သွားသည်ဟု သိရသည်။

(၅) ရှင်အဇ္ဇဂေါဏဘုရား

ရွှေတိဂုံဘုရားရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဇဂေါဏအား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက်ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။

(၆) ဆံတော်တွင်း ရုပ်ပွားတော်

ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း၊ တန်ဆောင်အတွင်းတွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များ ဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။

(၇) ဘိုးဘိုးအောင်ဘုရား

ရွှေတိဂုံစေတီတောင် အရှေ့မုခ်အနီးရှိ ဘိုးဘိုးအောင် တန်ဆောင်းရှိ ဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။

(၈) လက်ပက်လက်ဘုရား

ရွှေတိဂုံစေတီတော် အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန် ရုပ်ပွားတော်ဖြစ်သည်။ လိုဏ်ဂူအတွင်းရှိ ကကုသန်ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံ မဟုတ်ဘဲ လက်တော် ပက်လက်ထား၍ ထုထားသဖြင့် လက်ပက်လက်ဘုရားဟု ခေါ်ဝေါ်လေ့ ရှိလေသည်။

(၉) ပြဒါးရှင်ဘုရား

ရွှေတိဂုံဘုရားရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိ စေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော် ဖြစ်သည်။ နဖူးတော်တွင် မို့မောက်နေ၍ ပြဒါးရှင်လုံး ဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။

အောင်မြေ ၉ ဌာန

လောကီထွက်ရပ်ဆရာကြီးများ၏ အဆိုအမိန့်အရ သိရှိရသော ရွှေတိဂုံစေတီတော် အောင်မြေ ၉ ဌာနမှာ -

(၁) ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့ဘက်တည့်တည့် တဝဂူပတ္တမြား မျက်ရှင်ဘုရား။

(၂) စနေထောင့်တွင်ရှိသော နေနဲ့လ ဘုရား။

(၃) ရာဟုထောင့်တွင်ရှိသော ဆုတောင်းပြည့် ရှင်စောပုဘုရား။

(၄) နောင်တော်ကြီးစေတီတော် မြောက်ဘက် အာရုံခံ ရှင်မထီးတန်ဆောင်း။

(၅) အရှေ့မုခ်အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်း။

(၆) အရှေ့မုခ်အနီးရှိ ဓမ္မစေတီမင်း၏ ကောင်းမှုတော်စေတီ (ရှေ့တည့်တည့်တွင် ခြင်္သေ့ရုပ်နှင့် ကျားရုပ်ရှိသောနေရာ)

(၇) အင်္ဂါထောင့်ရှိ ကျေးရုပ်သုံးရုပ်ရှိသော တန်ဆောင်း။

(၈) ရာဟုထောင့်ရှိ ရင်ပြင်တော်မှ အောင်မြေ။

(၉) ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်၊ ၀ိဇ္ဇာရုပ် နှစ်ရုပ်ရှိသော တန်ဆောင်း တို့ဖြစ်ပါသည်။

ထိုအချက်များကို သိထားပြီးနောက် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်သောအခါ ပိုပြီး သပ္ပယ် ကြည်ညို၍ ကုသိုလ်တရားများ ပွားများစေရန် ရည်ရွယ် ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။