ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ခွင့်ပြုချက်ပေးထားသည့် ပုဂ္ဂလိက အမှိုက်သိမ်းကုမ္ပဏီအား မြို့ခံလူဦးရေ(၃၀၀)ခန့်က သြဂုတ်လ(၂၀ )ရက်နေ့တွင် ဆန္ဒ ထုတ်ဖော်ကြကြောင်း သိရသည်။

“အောင်ဂရုဏာက အမှိုက်တွေကို ကျွန်မတို့ရဲ့ရပ်ကွက်မှာ လာပစ်တာ။ ၂၀၁၅ ခုနှစ်တုန်းကလည်း စာတင်ထားတယ်။ စည်ပင်က ဘာမှမလုပ်ပေးဘူး။ အခုက သူတို့အမှိုက်ပစ်တဲ့နားမှာ မိုးရွာပြီဆို အနံ့ဆိုးတဲ့ရေတွေက လူနေရပ်ကွက်ထဲကိုဝင်လာတယ်။ အနံ့အသက်လည်းဆိုးရွားတယ်။ အမှိုက်မီးရှို့တဲ့ အခါမှာလည်း မီးခိုးတွေက လူနေရပ်ကွက်ထဲဝင်တဲ့အတွက် နေထိုင်ရခက်ခဲတယ်။ ယင်ကောင်တွေလည်း အရမ်းများတယ်။ ဒါကြောင့် အဲဒီအမှိုက်သိမ်း ကုမ္ပဏီကို ဆန္ဒပြရတာဖြစ်ပါတယ်” ဟု မန်ဝန်းရပ်ကွက် စွမ်စော်အုပ်စုတွင်နေထိုင်သူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အမှိုက်သိမ်းကုမ္ပဏီသည် မူဆယ်မြို့တွင်းရှိ အများစုပေါင်းစွန့်ပစ်ရာအမှိုက်ကန်များ၊ အမှိုက်ပုံများကိုလည်း ပုံမှန်သိမ်းဆည်းပေးမှုမရှိခြင်း၊ မန်ဝိန်းအားကစားကွင်းနံဘေးရှိ အမှိုက်ပုံအား ရှင်းလင်းပေးမှုမရှိခြင်း တို့ကြောင့် ၎င်းကုမ္ပဏီအားအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

“ဆန္ဒပြတာကိုတော့ ဘာမှပြောစရာမရှိပါဘူး။ သူတို့တောင်းဆိုတာကတော့ ကုမ္ပဏီက အမှိုက်ကို နိုင်နင်းအောင် လုပ်နိုင်ခြင်းမရှိတဲ့အတွက် နှုတ်ထွက်ပေးရေး စတာတွေကိုတောင်းဆိုတာပါ။ သူတို့တောင်းဆိုတာတွေကလည်း တချို့အချက်တွေက ဟုတ်နေတာဆိုတော့ ကျွန်တော်တို့လည်း အထက်ဌာနတွေကို တင်ပြထားပါတယ် “ဟု မူဆယ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အမှိုက်သိမ်းကုမ္ပဏီအား မြို့နယ်စည်ပင်သာယာရေးဌာနမှ သတိပေးထားပြီးဖြစ်ကြောင်း အမှုဆောင်အရာရှိက ပြောသည်။

“ဆန္ဒပြတာကတော့ လူအင်အား(၃၀၀)စာရင်းတင်ထားတယ်။ အဲဒီအတိုင်းပဲပြတယ်လို့သိရတယ်။ မနက် (၁၀) နာရီကနေ နေ့လယ်(၁၂)နာရီအထိ ခွင့်ပြုချက်ပေးထားတယ်။ ဦးစိုင်းအိုက်ကျန်ဆိုသူက ဦးဆောင်ပြီး ဆန္ဒပြ တယ် လို့သိရတယ်။ လမ်းဆုံးဧရိယာကတော့ မန်ဝိန်းလူငယ်စုရပ်မှာ ဂိတ်ဆုံးတာဖြစ်တယ်။ လက်ကိုင် ဆိုင်းဘုတ်တွေမှာ တောင်းဆိုထားတာကတော့ မြို့တွင်းသန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးဖို့ရယ် အမှိုက်ကိုနိုင်နင်း အောင်မသိမ်းနိုင်တဲ့ ကုမ္ပဏီကိုဖျက်သိမ်းပေးဖို့ရယ်တောင်းဆိုတာဖြစ်ပါတယ်” ဟု မူဆယ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အမှိုက်သိမ်းကုမ္ပဏီသည် အမှိုက်များ စုပုံထားပြီး ရှင်းလင်းခြင်းမလုပ်ဆောင်သည့်အပြင် အမှိုက်စွန့်ပစ်ရာ ဖြစ်သည့် သချုႋင်းဘေးတွင် အမှိုက်များပုံထားကာ စနစ်တကျရှင်းလင်းခြင်းမရှိသည့်အတွက် အုတ်ဂူအချို့ဖုံးလွှမ်းနေကြောင်း သိရသည်။

Ref : Tachileik News Agency

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။