စျေးတက်ခဲ့သော အသီးအနှံများ

မတ်ပဲ

မတ်ပဲက သုံးပတ်ဆက်တိုက် စျေးတက်နေတဲ့ အခြေအနေဖြစ်ပါတယ်။ စျေးကွက်ထဲမှာ လက်ကျန် မတ်ပဲ နည်းလာတာနဲ့ အမျှ စျေးက တဖြည်းဖြည်းတက်လာတာ ဖြစ်ပါတယ်။ စျေးမြင့်တက်လာခဲ့တယ်ဆိုပေမဲ့ ဇူလိုင်လ ပထမအပတ်က စျေးကိုတော့ လက်ရှိအချိန်အထိ မရောက်သေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ မတ်ပဲက တစ်တန်ကို ရှစ်သိန်းကျော်အထိ စျေးမြှင့်တက်ခဲ့ပြီး တစ်တင်းကို ငွေကျပ် ၂၆၀၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ လက်ရှိပေါက်စျေးက တစ်တန်ကို ငွေကျပ် ၈၁၁၀၀၀ ရှိပါတယ်။

ပဲစင်းငုံ

အိန္နိယနိုင်ငံရဲ့ ပဲစင်းငုံတင်သွင်းခွင့် မူဝါဒကြောင့် ဒီတစ်ပတ်မှာ ပဲစင်းငုံက အနည်းငယ် စျေးလှုပ်ခတ်ခဲ့ပြီး တစ်တန်ကို ထောင်ဂဏန်းလောက် စျေးပြောင်းလဲခဲ့ပါတယ်။ ပြည်တွင်းမှာတော့ စျေးအလွန်ကျနေတဲ့အတွက် အရောင်းအဝယ်နည်းပါးပြီး တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ စျေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေပါတယ်။ လက်ရှိ ပဲစင်းငုံစျေးက တစ်တန်ကို ငွေကျပ် ၅၁၀၀၀၀ ပေါက်စျေးရှိပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းအသစ်တွေ ၀င်လာတဲ့အတွက် သြဂုတ်လကနေစပြီး စျေးတက်လာတာဖြစ်ပါတယ်။ ပဲ အသစ်တွေဝင်လာလို့ ပဲ အဟောင်းလက်ကျန်တွေက အရောင်းအဝယ် သွက်နေပါတယ်။ နေ့စဉ် အိတ် ၃၀၀ ကျော် ရောင်းချနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပဲတီစိမ်းက တစ်ပိဿာကို ငွေကျပ် ၁၇၅၉ ကနေ ငွေကျပ် ၂၃၃၄ အထိ ပေါက်စျေး ရှိနေပြီး တစ်တင်းကို ငွေကျပ် ၄၆၀၀၀ ကျော်အထိ ပေါက်စျေး ရှိပါတယ်။

ကုလားပဲ

ပြည်ပထုတ်ကုန်တစ်ခုဖြစ်ပေမဲ့ ပြည်တွင်းဝယ်လက် များနေတာကြောင့် ကုလားပဲစျေးတက်လာပါတယ်။ နေ့စဉ် အိတ် ၂၀၀ နီးပါး ရောင်းချနေရပြီး တစ်တင်းကို ငွေကျပ် ၄၄၀၀၀ ပေါက်စျေးရှိနေပါတယ်။

စျေးကျခဲ့သော အသီးအနှံများ

ကြက်သွန်နီ

နှစ်လနီးပါး စျေးတက်ခဲ့တဲ့ ကြက်သွန်နီက ဒီတစ်ပတ်မှာ စျေးအနည်းငယ် ကျသွားပါတယ်။ စျေးတက်နေတဲ့အတွက် ထိုင်းနိုင်ငံသို့ တင်သွင်းမှုကို လျှော့ချခဲ့ပြီး တရုတ်နိုင်ငံကလည်း တင်သွင်းနေတဲ့အတွက် စျေးက အနည်းငယ်ကျသွားတယ်လို့ သိရပါတယ်။ တစ်ပိဿာကို ငွေကျပ် ၁၂၇၅ ကနေ ၁၆၅၀ အထိ ရှိပါတယ်။

အာလူး

အာလူးက ဒီတစ်ပတ်မှာ စျေးထပ်မံ ကျသွားခဲ့ပါတယ်။ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အာလူးစျေး အနည်းငယ် တက်သလို ဖြစ်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အာလူး တစ်ပိဿာကို ငွေကျပ် ၁၅၀ ကနေ ငွေကျပ် ၆၅၀ အထိ စျေးကျသွားခဲ့ပါတယ်။

ပဲပုပ် (ဗမာ)

ဇူလိုင်လ တစ်လလုံး စျေးတက်ခဲ့တဲ့ ပဲပုပ် (ဗမာ)က သြဂုတ်လဆန်းပိုင်းကနေစပြီး တဖြည်းဖြည်း စျေးကျဆင်းသွားခဲ့ပါတယ်။ တစ်အိတ်ကို တစ်သိန်းထိ စျေးတက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ ပဲပုပ် တစ်အိတ်ကို ငွေကျပ် ၁၀၀၀၀ နီးပါးလောက် အထိ စျေးကျသွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။