မိတ်ကပ်မကြိုက်သောသီချင်းများ ၊ ပဲ့ကိုင် ၊ မမမိုး ၊ ဇာတ်တော်ထဲမှာအလွမ်းဆုံး ၊ အိမ် ၊ မေဘရဏီလိုု ၊ အမုန်းမြို့ရဲ့အဝေးမှာ ၊ ဒီလမ်းကလေး အစရှိတဲ့တေးသီချင်းတွေနဲ့ ပရိသတ်အားပေးမှုအပြည့်အဝရရှိခဲ့တဲ့ သားငယ်တစ်ယောက် တစ်ကိုယ်တော်အခွေအတွက် စတင်ပြင်ဆင်နေပါပြီ။Myanmar Idol ရဲ့ winner ဆုရှင် သားငယ်က လက်ရှိအချိန်မှာ တစ်ကိုယ်တော်အခွေ အတွက် သေသေချာချာပြင်ဆင်နေကြောင်း သိရှိရပါတယ်။

“အခွေအတွက် ကျွန်တော်စပြီးဆိုနေပါပြီ။ အခွေကတော့ မြန်မြန်ဆိုတာထက် ကောင်းကောင်းလေးထွက်ချင်ပါတယ်။ သေသေချာချာကောင်းကောင်းလေး နားထောင်တဲ့သူတွေရဲ့ လက်ထဲကို ထည့်ပေးချင်လို့ပါ။ ကျွန်တော်ဖြစ်ချင်တာကတော့ Rock တစ်ခုတည်းပေါ့။ ကျွန်တော်က Rock ပဲအားသန်တယ်။ ကြိုက်တယ်ဆိုတော့လေ။ ဒါပေမယ့် ကျွန်တော်တို့က ပြိုင်ပွဲက တက်ရတယ်။ ကျွန်တော့်ကို အားပေးတဲ့ထဲမှာ ဂီတမျိုးစုံကို ကြိုက်တဲ့သူတွေပါကြတယ်။ ကျွန်တော်တို့က ကိုယ်လုပ်ချင်တိုင်း ကိုယ့်ဆန္ဒကိုပဲ ဦးစားပေးပြီး လုပ်လို့မရဘူး။ နယ်ကပရိသတ်တွေရော အသက်ကြီးပိုင်းပရိသတ်တွေရောပေါ့။ အဖိုးအဖွားအရွယ်တွေ ကလေးလေးအရွယ်တွေကအစ နားထောင်လို့အဆင်ပြေအောင် ဘာလို့လဲဆိုတော့ သူတို့က voteပေးခဲ့ရလေ။ ပိုက်ဆံကုန်ခံရတယ်။ အချိန်ကုန်ခံရတယ်။ အများကြီးရင်းနှီးပြီးတော့မှ ဒီအခြေအနေရောက်အောင် သူတို့ပံ့ပိုးပေးခဲ့ရတာဆိုတော့ ကျွန်တော့်အနေနဲ့က အစုံလေးထည့်ချင်တာပါ။” လို့ သားငယ်က Myanmar People Magazine ကိုပြောကြားထားပါတယ်။

မကြာသေးခင်ကလည်း တေးသီချင်းသီဆိုမှုနဲ့ပတ်သက်ပြီးတော့ သားငယ်က ပရိသတ်အတွက် တောင်းပန်စာတစ်စောင် တင်ခဲ့ပါတယ်။

“ပြိုင်ပွဲဝင်တုန်းကသီချင်းတွေချည်းပဲ

ပွဲတွေမှာဆိုနေရတော့ တဖြည်းဖြည်းနဲ့ အားနာလှပါပြီ..

အခွေကိုလည်း မြန်မြန်ဆိုတာထက် ကောင်းကောင်းလေးထွက်ချင်ပါတယ်

သီချင်းသစ်တွေလည်း တီးဆိုနေပါပြီ..

လောလောဆယ် Official မထွက်သေးတော့

အသစ်တွေမဆိုဖြစ်သေးပါဘူး..

ဒါကြောင့် New Album မထွက်ခင်မှာ

ပြိုင်ပွဲကာလ ကသီချင်းးတွေကိုပဲသည်းခံပြီးနားထောင်ပေးစေချင်ပါတယ်..

တစ်ခြားသီချင်းတွေက်ိုချည်းပဲဆိုနေရတော့

မူရင်းအဆိုတော်တွေကိုလည်း

အတော့်ကို မျက်နှာပူ အားနာရပါတယ်

နားထောင်နေရတဲ့သူတွေကိုလည်း ဒီလိုပါပဲ(နားလည်ပေးဖို့မျှော်လင့်ပါတယ်)

-----” လို့ချစ်ပရိသတ်ကြီးအတွက် ဆိုထားပါတယ်။ဒါ့အပြင် လက်ရှိ အချိန်မှာ တစ်ကိုယ်တော်အခွေမထွက်ခင် တေးသီချင်း MTV တစ်ပုဒ်ကို ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။မကြာခင်ထွက်ရှိလာမယ့် MTV ကိုစောင့်မျှော်အားပေးကြည့်ကြစို့…

Aung

သတင်းအရင်းမြစ် People Magazine, Thar Nge Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။