ခရီးထွက်ခြင်း ဟာစိတ်ကိုလန်းဆန်းစေတာတင်မကပါဘူး ဗဟုသုတတွေလည်းရရှိနိုင်ပါတယ်။ဒါပေမဲ့လည်း သင့်တော်တဲ့ခရီးထွက်ဖို့လိုပါတယ်။ပန်းတွေဝေဆာနေပီး အေးချမ်းတဲ့ ပြင်ဦးလွင်ကတော့ ခရီးထွက်အပန်းဖြေဖို့ကောင်းတဲ့မြို့လေးတစ်မြို့ပါပဲ။သွားစရာတွေလည်းအများကြီးပါ။အမျိုးသားကန်တော်ကြီးဥယျာဉ်ကတော့ လူစိတ်ဝင်စားမှုအများဆုံး လာရောက်လည်ပတ်သူတွေ နိုင်ငံခြားသားတွေနဲ့ပြည့်နှက်နေပါတယ်။ဘာကြောင့်လည်းဆိုတော့သာယာကြည်နူးစရာတွေ၊ပန်းအလှတွေ ရှေးခေတ်အဆောက်အအုံတွေ ၊မြင်းလှည်းများနှင့်ရေတံခွန်တွေကြောင့်လို့ထင်ပါတယ်။ယခုကတော့ ပြင်ဦးလွင်ကို အလည်လာအပန်းဖြေသူတွေအတွက် လှပအေးချမ်းတဲ့ ရေတံခွန် ၇ ခုကိုဖော်ပြမှာဖြစ်ပါတယ်။ 

(၁)ဓာတ်တော်ချိုင့်ရေတံခွန်ဓာတ်တော်ချိုင့် ရေတံခွန်က ပြင်ဦးလွင်မြို့ (မန္တလေးဘက်မှ) အဝင် အနီးစခန်း ကျေးရွာမှာ တည်ရှိပြီး ပြင်ဦးလွင်မြို့နဲ့ ၇ မိုင်ခန့် ကွာပါတယ်။ မြင့်မားတဲ့ ရေတံခွန် ပတ်ဝန်းကျင်မှာ ရေမြေ သဘာ၀ ရှုခင်းတွေ စိမ်းလန်းလှပပြီး တောလမ်းခရီးကနေ အောက်ခြေရေတံခွန် ရောက်တဲ့ အထိ ပေ ၁၀၀၀ ကျော် ဆင်းသွားရပါတယ်။

လှပတဲ့ ရေတံခွန် ရှုခင်းကြောင့် လမ်းခရီးတလျှောက် ပင်ပန်း သမျှတွေ အားလုံး သဘာ၀ ရေအေးအေးနဲ့ အတွေ့မှာ ပြေပျောက် သွားစေမှာပါ။ ဓာတ်တော်ချိုင့် ရေတံခွန်ကို ပွဲတော်ရက်တွေနဲ့ ခရီးသွား ရာသီတွေမှာ လာရောက် လည်ပတ်သူ များပြားလျက် ရှိပါတယ်။ 

(၂) ပွဲကောက် ရေတံခွန်

ပွဲကောက် ရေတံခွန်က ပြင်ဦးလွင်မြို့ အရှေ့ဘက်၊ မဟာအံ့ထူးကံသာ ဘုရားကြီး မြောက်ဘက်မှာ တည်ရှိပါတယ်။ ရေတံခွန်အဆင်း ကားလမ်းက အနည်းငယ် မက်စောက်ပေမယ့် မြို့ထဲကနေ သွားလာရ လွယ်ကူတာကြောင့် ပွဲတော် ရက်တွေမှာ လာရောက် လည်ပတ်သူ များပြားပါတယ်။

(၃) နတ်ကျုံး ရေတံခွန် (ရန်ကုန်ကျောင်း)

နတ်ကျုံး ရေတံခွန်ကတော့ ပွဲကောက်ရေတံခွန် အလွန်၊ ပြင်ဦးလွင်မြို့ပြင် (လားရှိုးဘက် အထွက်) ဒီဇင်ဘာနွားနို့ခြံနဲ့ တိုးဂိတ် အနီးက “ရန်ကုန်ကျောင်း” ဆိုတဲ့ ဘုန်းကြီးကျောင်းဝင်း အတွင်းမှာ တည်ရှိတာပါ။ နတ်ကျုံး ရေတံခွန်ကို ရန်ကုန်ကျောင်း ရေတံခွန်လို့လည်း ခေါ်ပါတယ်။ သစ်ပင်တွေ အုံ့ဆိုင်းဆိုင်းနဲ့ တောရကျောင်းအတွင်းမှာ တည်ရှိတဲ့ အဆိုပါ ရေတံခွန်ဟာ နတ်ကြီးတယ် လို့ အယူအဆ ရှိကြပြီး လာရောက် လည်ပတ်သူများကလည်း စည်းကမ်းတကျနဲ့ တိတ်တိတ်ဆိတ်ဆိတ် လာရောက် လည်ပတ် ကြပါတယ်။ 

(၄) ဒီဇင်ဘာခြံ ရေတံခွန်

ဒီဇင်ဘာခြံ ရေတံခွန်က ဒီဇင်ဘာနွားနို့ခြံ အနောက်ဘက်မှာ တည်ရှိတာပါ။ချစ်စရာကောင်းပြီး လှပတဲ့ လျှောက်လမ်းလေး အတိုင်း လျှောက်သွားမယ် ဆိုရင် မြက်ခင်းစိမ်းစိမ်း၊ အပင်စိမ်းစိမ်း တွေနဲ့ ပတ်လည်ဝိုင်းနေတဲ့ ပတ်ဝန်းကျင် ရှုခင်းကနေ ရေတွေ တဖွားဖွားကျနေတဲ့ ရေတံခွန်ကို ရောက်ပါတယ်။ သီးခြား ကမ္ဘာငယ်တခု ရောက်သွားသလို လှပတဲ့ ဒီဇင်ဘာခြံ ရေတံခွန်က လူငယ်တွေ အကြိုက် လည်ပတ်လို့ ကောင်းတဲ့ နေရာသစ် တခုပါ။

(၅) ပိတ်ချင်းမြှောင် (ဝက်ဝံ ရေတံခွန်)

ပိတ်ချင်းမြှောင် လိုဏ်ဂူက ပြင်ဦးလွင်မြို့ (လားရှိုးဘက်) အထွက် ၁၂ မိုင်အကွာ၊ ဝက်ဝံကျေးရွာမှာ တည်ရှိတာပါ။ ဂူအတွင်း စီးဆင်းနေတဲ့ သဘာ၀ စိမ့်စမ်းရေတို့နဲ့ ထူးခြား ဆန်းပြားတဲ့ ပိတ်ချင်းမြှောင် လိုဏ်ဂူအနီးမှာ မြင့်မားလှတဲ့ ရေမြေတောတောင် ရှုခင်းတွေနဲ့ ရေတံခွန်တွေ ရှိပါတယ်။ 

(၆) ရေပျံတောင် ရေတံခွန်

ရေပျံတောင် ရေတံခွန်ကတော့ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်ရဲ့ အရှေ့တောင်ဘက် ၅ မိုင် အကွာ၊ ဆင်ခေါင်းလေးရွာ၊ ရွှေသင်းရွာတို့ အနီးမှာ တည်ရှိတာပါ။ကားတွေနဲ့ လာရောက် လည်ပတ်သူ များပြားလာတာလို့ သိရပါတယ်။ လမ်းတလျှောက်မှာ မြေနီလမ်း၊ ထင်းရှုးတော စတဲ့ ရှုခင်းတွေနဲ့ မက်မန်းခြံ၊ စပျစ်ခြံတို့ကို ဝင်ရောက်လေ့လာ လည်ပတ်နိုင် ပါတယ်။

(၇) ဒီးဒုတ် ရေတံခွန် (ရေပြာစမ်း)

ဒီးဒုတ် ရေပြာအိုင် ရေတံခွန်က မန္တလေး- ပြင်ဦးလွင်လမ်း၊ အုန်းချောရွာ ၁၆ မိုင်လမ်းခွဲကနေ ရဲရွာ (ရေအားလျှပ်စစ်ရုံ) ဘက် သွားတဲ့ လမ်းမှာ တည်ရှိတာပါ။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ယခုအခါ လမ်းတလျှောက်မှာ ၆ မိုင်၊ ၇ မိုင် အပန်းဖြေစခန်းများ ရှိတာကြောင့် လာရောက် လည်ပတ်သူ များပြားပါတယ်။

သတင်းအရင်းမြစ် သီဟတိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။