လူသားတွေဟာ အသက်ရှင်နေရင်းနှင့်သဘာဝတရားကနေအခမဲ့ရထားတဲ့တန်ဖိုးကြီးလက်ဆောင်တွေကို မေ့သွားတတ်ကြပါတယ်။ အချိန်ဟာ သဘာဝတရားကြီးကနေပြီး လူသားတွေကိုလက်ဆောင်ပေးထားတဲ့အကောင်းမွန်ဆုံးအရာပဲဖြစ်ပါတယ်။ ဒီအရာဟာ လူသားတိုင်းကိုညီတူညီမျှပေးထားတာဖြစ်ပြီးတော့ အကုန်လုံးအတွက် တူညီတဲ့အချိန်ပမာဏကိုပဲပေးထားတာပါ။
နောက်တစ်ခုကတော့ ကျန်းမာရေးကောင်းမွန်ခြင်းပါပဲ။ တစ်ချို့လူတွေဟာ ဒီလက်ဆောင်ကိုမပိုင်ဆိုင်နိုင်ပေမဲ့ ပိုင်ဆိုင်တဲ့သူတွေကလည်း အမှုမဲ့အမှတ်မဲ့ထားပြီး တန်ဖိုးမထားတတ်ကြပါဘူး။ အသက်အရွယ်ကြီးမားလာတဲ့အချိန်ကျမှ ရောဂါပေါင်းစုံဖြစ်ပြီးဆေးဝါးခတွေနှင့်အကုန်ကျခံပြန်ကုသတတ်ကြပါတယ်။
ဒီနှစ်ခုအပြင် သဘာဝတရားရဲ့နောက်ထပ်အကောင်းမွန်ဆုံးလက်ဆောင်ကတော့ လတ်ဆတ်သန့်ရှင်းတဲ့လေနှင့် နွေးထွေးတဲ့နေရောင်ခြည်တို့ဖြစ်ပါတယ်။ ဒီအရာနှစ်ခုဟာ လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပြီးတော့ လူသားတွေတန်ဖိုးမသိကြတဲ့အရာလည်းဖြစ်ပါတယ်။ လူတွေရဲ့ပေါ့ဆမှုကြောင့် အခုဆိုရင် ဒီအရာတွေဟာ အရင်ကလောက်ကောင်းကျိုးမရှိတော့ဘဲ လူတွေကိုဒုက္ခပေးတဲ့အရာတွေပါ ဖြစ်လာပြီဖြစ်ပါတယ်။