ဆော့ကစားဖို့အတည်ပြုပေးထားခြင်းမရှိတဲ့ဂိမ်းတွေ Livestreaming လွှင့်တာကို တားဆီးပိတ်ပင်တော့မှာဖြစ်တယ်လို့ တရုတ်အစိုးရက ဧပြီလ ၁၅ ရက်နေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။ဒီလုပ်ရပ်ဟာ Esport လောကအပေါ်တရုတ်အစိုးရရဲ့ နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်ပြီး အစိုးရသဘောမကျတဲ့ content တွေ၊အကြောင်းအရာတွေကိုလည်း လူငယ်တွေမြင်မှာကို တားဆီးပိတ်ပင်လိုက်တဲ့သဘောမျိုးဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ရေဒီယိုနဲ့ရုပ်မြင်သံကြားဝန်ကြီးဌာနဟာ သက်ဆိုင်ရာအာဏာပိုင်တွေက ဆော့ခွင့်မပေးထားတဲ့ဂိမ်းတွေကို Platform မျိုးစုံပေါ်မှာ Livestream မလွှင့်ရတော့ဘူးလို့ ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ထုတ်ပြန်ချက်ထဲမှာ နိုင်ငံခြားဂိမ်းတွေနဲ့ ဂိမ်းပြိုင်ပွဲတွေကို ခွင့်ပြုချက်မပါပဲ မဆော့ရ၊မပြုလုပ်ရဘူးလို့ပါဝင်တဲ့အပြင် Livestreamer တွေအနေနဲ့လည်း ပုံမှန်မဟုတ်တဲ့ဂိမ်းပုံစံတွေ၊ပရိသတ်တွေနဲ့ အငြင်းအခုန်ဖြစ်မှာတွေကို မလုပ်ရဘူးလို့ပါပါသေးတယ်။
“အချိန်အတိုင်းအတာတစ်ခုလောက်ထိ ဂိမ်းတွေပရမ်းပတာ Livestream လွှင့်တာတွေနဲ့ ဆယ်ကျော်သက်တွေဂိမ်းစွဲတဲ့ပြဿနာတွေဟာ တော်တော်လေးမြင့်တက်လာတာကြောင့် ချမှတ်ရမဲ့ ထိထိမိမိလုပ်ဆောင်ချက်တွေ အရေးပေါ်လိုအပ်လာတယ်”လို့အစိုးရအဖွဲ့ဝင်တစ်ယောက်က ဝန်ကြီးဌာနရဲ့ဝက်ဆိုဒ်မှာရေးသားထားပါတယ်။
Niko Partners ကစီနီယာလေ့လာသူတစ်ဦးရဲ့အဆိုအရ တရုတ်ပြည်မကြီးမှာ လိုင်စင်မရှိတဲ့ဂိမ်းတွေထုတ်လို့မရပေမဲ့ Huya,DouYu, International Holdings နဲ့ Biliblili တို့လို Livestreaming platform တွေပေါ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့်ဆော့ကစားနေကြပါတယ်တဲ့။ဒီနှစ်အစောပိုင်းမှာ လိုင်စင်မရှိသေးတဲ့ Elden Ring ဂိမ်းဟာ တရုတ် Livestreaming Platform တွေပေါ်မှာ နေ့စဉ်ကြည့်ရှုနှုန်းပေါင်း ၁၇.၁ သန်းလောက်ထိရှိနေခဲ့ပါတယ်တဲ့။
တရုတ်အစိုးရဟာ Gaming Industry ကိုလူငယ်တွေဂိမ်းစွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တောက်လျှောက်ထိုးနှက်နေတာပါ။ဒီလိုမျိုးဆုံးဖြတ်ချက်တွေ၊အမိန့်တွေကြောင့် ဂိမ်းကစားသူတွေသာမက ဂိမ်းတွေဖန်တီးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုပါ သက်ရောက်မှုကြီးကြီးမားမားတွေရှိနေပါတယ်။