သနပ်ခါးလိမ်းခြင်းဟာ မြန်မာလူမျိုးတို့ရဲ့ ချစ်ခင်မြတ်နိုးစရာ ဓလေ့တစ်ခုဖြစ်ပါတယ်။ မြန်မာမိန်းကလေးတိုင်း သနပ်ခါးကို အမြတ်တနိုးလိမ်းတတ်ကြသလို သနပ်ခါးလိမ်းခြင်းရိုးရာကို ကိုရှေးယခင်ကတည်းက မိန်းကလေးများသာမက ယောင်္ကျားလေးများပါ အမြတ်တနိုး လိမ်းတတ်ကြသည်။ သနပ်ခါးကို မြန်မာနိုင်ငံတွင်မှာသာ တွေ့ရပြီး အခုဆိုရင် နိုင်ငံခြားသူများပါ အမြတ်တနိုးနဲ့ လိမ်းလာတာတွေ့ရပါတယ်။ သနပ်ခါးနဲ့ မြန်မာ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာမိန်းကလေးတွေဟာ နန်းဆန်တဲ့အလှနဲ့ ကမ္ဘာကတောင် အသိအမှတ်ပြုခြင်းခံရပါတယ်။ ရှေးစာဆို နန်းတော်ရှေ့ဆရာတင်ကတောင်”ရွှေဘိုသနပ်ခါးတုံးများရန်ကုန်လိမ်းဖို့ယူ၊ ဘယ်လိုအသားမည်းမည်း ဝါဝါညက်ညက်ဖြူ” ဟုဆိုပြီး တေးဖွဲ့ခဲ့ပါသေးတယ်။ ရှေးမြန်မာ ကျေးလက်ဒေသရဲ့ဓလေ့တစ်ခုကတော့ သနပ်ခါးလိမ်းရင် သရဏဂုံဆောက်တည်ခြင်းဖြစ်ပါတယ်။ သနပ်ခါးဟာ ဆေးဖက်ဝင် အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။
သနပ်ခါး၏ ဆေးဖက်ဝင်ပုံ
မြန်မာ့ ဆေးကျမ်းအရ သနပ်ခါးသည် ပူ၏၊ သွေးကိုကြွစေ၏၊ ပူခါးချုပ်ပွင့်ဖြစ်၏၊ ငန်းမန်းကို နိုင်စေ၏၊ ပအူနာ အအေးနာ နှစ်မျိုးလုံးကို သုံးနိုင်၏၊ အပင်၏ အရွက်၊ အသီး၊ ပင်စည်၊ အမြစ် အားလုံးကို အသုံးပြုနိုင်၏ ဟု ဖော်ပြထားပါတယ်။
အရွက်၏ ဆေးဖက်ဝင်ပုံ
၁။ ဝက်ရူးပြန်ရောဂါကု ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။
၂။ အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းပေးပါ။
၃။ အရွက်ပြုတ်ရည်ကို ဆားများများခတ်ပြီး သောက်ပါက ဌက်ဖျားရောဂါပျောက်စေပါတယ်။
၄။ မြုံနေသောအနာများအတွက် အရွက်ကို ကြိတ်ပြီး ဆန်ဆေးရည်နှင့် သောက်ပေးပါ။
၅။ အရွက်အခြောက်ကိုနေလှန်းအမှုန့်လုပ်ပြီး ကိမ်းသီးလုံုးခန့်ပမာဏအမှုန့်တို့ကို ရေနှင့်သောက်ပါက ဖောရောင်အနာများနှင့် ကိုယ်တွင်းရောဂါဟူသမျှပျောက်စေပါတယ်။
အသီး၏အသုံးဝင်ပုံ
အဆိပ်ဖြေဆေး၊ အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သောအဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင်ထည့်သွင်း အသုံးပြုနိုင်သည်။
ပင်စည်၏အသုံးဝင်ပုံ
၁။။ နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။
၂။ ဝက်ခြံစိုများအတွက် သနပ်ခါးတုံးကိုသွေးပြီး သံပုရာရည်အနည်းငယ်ထည့်ပြီး လိမ်းပေးပါ။
၃။ ဝက်ခြံ အမာရွက်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေးပြီး နေ့ညလိမ်းပေးပါ။
၄။ သနပ်ခါးကိုသွေးပြီး ဆားအနည်းငယ်ရောထည့်လိမ်းပေးခြင်းဖြင့် မိတ်အင်ပျင်တို့ ယားယံခြင်းမှ သက်သာစေပါတယ်။
၅။ ရေနွေးပူလောင် မီးပူလောင်ဒဏ်ရာများအတွက် သနပ်ခါးထူထူအုံပေးခြင်းဖြင့် ပကတိအတိုင်းအသားအရေကို ပြန်ရစေပါတယ်။
၆။ အရေပြားပါးလွှာပြီး ယားနာဖုတွေမကြာခဏထွက်လေ့ရှိသူများ ကာဘော်လိစ်(သို့) ဒတ်တောလိ ကိုယ်တိုက်ဆပ်ပြာသုံးပြီး ရေချိုးသန့်စင်ပြီးနောက် သနပ်ခါးထူထူလိမ်းပေးပါ။
၇။ ဌက်ဖျား၊ ဝက်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနဲ့ အစာအိမ်နာတို့ကို ကုသရာမှာလည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
၈။ သနပ်ခါးတုံးအနှစ်သားကိုသွေးပြီးလိမ်းပေးခြင်းဖြင့် အသားအရေချောမွေ့အေးမြစေပါတယ်။ (ခြွင်းချက်အနေဖြင့် သနပ်ခါးပျစ်ပျစ်ထူထူလိမ်းတဲ့အခါ နုနယ်တဲ့ မျက်ဝန်းတစ်ဝိုက်ကို ရှောင်လိမ်းသင့်ပါတယ်။)
အမြစ်၏ဆေးဖက်ဝင်ပုံ
၁။ ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့ဖော်စပ်ရာမှာ ထည့်သုံးလေ့ရှိပါတယ်။
၂။ အမြစ်ကို နနွင်းမှုန့်နှင့်သွေးပြီး လိမ်းပေးပါက မီးယပ်ရောဂါသည်များ သွေးသားမှန်ကန်စေပါတယ်။
၃။ ဆားနှင့် သွေးလိမ်းပါက အညောင်းအညာပျောက်စေပါတယ်။
၄။ ကလေးချွဲကြပ်ခြင်းအတွက် အမြစ်ကိုသွေးပြီး ကွမ်းရွက်စိမ်းရေနှင့် ဆတူတိုက်ပေးခြင်းဖြင့် ချွဲအမြန်ကျစေပါတယ်။
၅။ သနပ်ခါးအမြစ် ငါးပဲသားကို ဖျားရည်(၆)ပဲသားနှင့်ရောပြီးလျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်းစေပါတယ်။(သို့) သနပ်ခါးအမြစ်ကို သကြား၊ ပျားရည်တို့နှင့်ရောပြီး လျက်ပေးပါက အစာအိမ်ရှိအဆိပ်ကိုပြေစေပါတယ်။
၆။ အမြစ်ကိုသွေးပြီး နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေနုချောဝင်းမွတ်စေပါတယ်။
သတင်းအရင်းမြစ် Mogaung Express
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။