ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပြန်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိသူတွေကို ရွေးချယ်ပေးတဲ့ နော်ဝေ နိုဘယ်လ်အင်စတီကျုက စက်တင်ဘာ ၈ ရက်နေ့မှာ ပြောပါတယ်။ဆုရရှိထားသူတွေဆီကနေ ဆုတံဆိပ်ပြန်သိမ်းဖို့ စည်းမျဉ်းစည်းကမ်းလည်း ရှိမထားဘူးလို့ နိုဘယ်လ်ဆုပေးရေးအဖွဲ့က ပြောပါတယ်။

နိုဘယ်လ်ဆု ချီးမြှင့်ခံထားရပြီးသားသူတွေဆီက ဆုတံဆိပ်ကို ပြန်ရုပ်သိမ်းဖို့ဆိုတာ နိုဘယ်ဖောင်ဒေးရှင်းမှာ စည်းမျဉ်းဥပဒေတွေ မရှိသလို ဒီဆုကိုတည်ထောင်သူ အဲဖရဒ်နိုဘယ်လ်ရဲ့ ဆန္ဒလည်း မဟုတ်ဘူးလို့ နိုဘယ်လ်အင်စတီကျုရဲ့ အကြီးအကဲ အိုလာ့ဗ် ညို့စတာ့ဒ်က အေပီသတင်းဌာနကို အီးမေးလ်နဲ့ အကြောင်းပြန် ပြောကြားတာပါ။စတော့ခ်ဟုမ်းနဲ့ အော်စလိုက ဆုချီးမြှင့်ရေးကော်မီတီတွေကလည်း ချီးမြှင့်ပေးအပ်ထားပြီးသား ဆုကိုပြန်သိမ်းဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ ဆိုပါတယ်။

လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်ပြည်နယ်က နိုင်ငံမဲ့တွေဘက်က မရပ်တည်လို့ဆိုပြီး ဝေဖန်ပြစ်တင်နေကြတာပါ။လတ်တလော မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်ဆိုတဲ့ မွတ်စလင်တွေအား ရက်စက်ညှဉ်းပန်းမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံထားရတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပြန်ရုပ်သိမ်းလိုက်ဖို့ လူပေါင်း ၃ သိန်း ၈ သောင်း ၆ ထောင်ကျော်က လက်မှတ်ရေးထိုးပြီး Change.org ကို အသနားခံစာတင် တောင်းဆိုထားတာ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။