လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းတွင် အဓိကရုဏ်းများဖြစ်ပွားလျက်ရှိသည်။ ထိုကဲ့သို့ ဖြစ်ပွားခြင်းများနှင့်ပတ်သတ်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံအချို့က မြန်မာနိုင်ငံကို ဖိအားပေးလျက်ရှိသည်။ မြန်မာပြည်တွင်းရိ်ှ စေတနာဝန်ထမ်းများကလည်း မောင်တော်ဒေသခံများကို သွားရောက်ကူညီလျက်ရှိသည်။ သို့သော် မောင်တောဒေသတွင်တံတားများပျက်နေသောကြောင့် ကယ်ဆယ်ရေးများ လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ မိုင်းသတိထားနေရလျက်ရှိသည်။

လက်ရှိ မောင်တောမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခြေအနေများနှင့် ပတ်သက်ပြီး မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက “ကျွန်တော်တို့ မောင်တော မြောက်ပိုင်းရော၊ တောင်ပိုင်းရော ကျေးရွာတွေကို သွားတဲ့အခါမှာ လမ်းတော်တော်ကို ဆိုးရွာလို့ သွားလာရတာ အခက်အခဲ ဖြစ်ပါတယ်။ ကားနစ်တာတို့ရှိတယ်။ နာရီဝက်လောက် သွားရမယ့်ခရီးကို နှစ်နာရီလောက် သွားနေရတာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲမှာ အကြမ်းဖက် အဖွဲ့အစည်းတွေကို စိုးရိမ်ရတယ်။ အခုလောလောဆယ်မှာ ငြိမ်နေတဲ့သဘော ရှိပေမယ့် ဖြစ်လာလို့ရှိရင် ပြေးပေါက်မရှိတဲ့ အခြေအနေ၊ ကားကိုလည်း မောင်းပြေးလို့ မရတဲ့အခြေနေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီမြောက်ပိုင်းမှာ ကျီးကန်းပြင်ဌာနချုပ်အလွန် အောင်မင်္ဂလာရွာ အထက်ပိုင်းဆိုရင် လမ်းကတော်တော်ကို အခက်အခဲဖြစ်နေပြီ။ ကြိမ်ချောင်းအထိ လမ်းပျက်တာတွေ အများကြီးရှိတယ်။ တောင်ပိုင်းမှာ ဆိုရင်လည်း ဥဒေါင်းကင်းစခန်းကနေ အင်းဒင်အထိ တောက်လျှောက်လမ်းက တော်တော်ဆိုးတယ်။ သွားရတာ အဆင်မပြေဘူး။ တော်တော်ကို ပင်ပန်းတယ်။ မိုင်းအန္တရာယ်ကလည်း ဒီကနေ့မှာပဲ ကျောက်ပန္ဒူရွာအလွန်နားမှာ မိုင်းအန္တရာယ်ရှိတယ်ဆိုပြီး သတိပေးဆိုင်းဘုတ် ထောင်ထားတာ တွေ့ခဲ့ရတယ်။ အဲဒီလို အနေအထားရှိတယ်။ ကျွန်တော်တို့ သွားတဲ့အခါမှာတော့ တပ်မတော်လုံခြုံရေး အဖွဲ့တွေနဲ့တွေ့လို့ အင်းဒင်အထိ သွားမယ်လို့ပြောတော့ သွားလို့ရတယ်လို့ ပြောတယ်။ သူတို့မိုင်းတွေကို ရှင်းထားတယ်လို့ တူပါတယ်။ အခုအနေအထားမှာတော့ ရွာတွေကို သွားနေလို့ရတယ်လို့ ပြောရပါမယ်။ နေရပ်ပြန်သူတွေ ရှိတယ်လို့သာ ကြားတာပါ။ ကျွန်တော်တို့တော့ မတွေ့သေးပါဘူး” ဟု ပြောကြားသည်။

ထို့အပြင် သင်္ဂဟကမ်းလက်ရက္ခိတ ကူညီကယ်ဆယ်ရေး အဖွဲ့သည် မောင်တောမြောက်ပိုင်း ဗန္ဒုလကျေးရွာ အထိသွားရန် ကြိုးစားသော်လည်း လမ်းတံတားများ ဆိုးရွားစွာ ပျက်စီးနေသဖြင့် မင်းခမောင်းကျေးရွာ အထိသာ သွားခဲ့ပြီး ပြန်လှည့်ခဲ့ရကြောင်း သိရသည်။ စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီတွင် မောင်တောမြို့နယ် တောင်ပိုင်းကျောက်ပန္တူ တပ်စခန်းမှ လုံခြံုရေး တပ်ဖွဲ့ဝင်များသည် မောင်တော-အငူမော် ကားလမ်းတစ်လျှောက် နယ်မြေစိုးမိုးရေး ဆောင်ရွက်စဉ် ကျောက်ပန္တူရွာကြီးနှင့် ကိုက် ၅၀ ခန့်အကွာ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ထောင်ထားသည့် အရှည်တစ်ပေ၊ ထုခြောက်လက်မခန့်ရှိ လက်လုပ်မိုင်း (ဟောင်း) တစ်လုံးကို နှစ်ပင်လိမ်ဝါယာကြိုး ၁၀ကိုက်ခန့်ဖြင့် သွယ်တန်းလျက် တွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။