၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၌ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများကို နိုင်ငံတော်သမ္မတအား ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် နယ်စပ်ခြံစည်းရိုး ပျက်စီးနေသည့်နေရာများအား ပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံရန် ကျန်ရှိသည့် နေရာများကို အဆင့်မီ လုံခြုံစွာ အမြန်ဆုံးကာရံခြင်းတို့ကို အချိန်မဆိုင်း ဆောင်ရွက်ရန်နှင့် လိုအပ်သည့်ဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် ၂၀၀၉-၂၀၁၀ ခုနှစ်မှ ၂၀၁၇-၂၀၁၈ခုနှစ် အထိ ဘဏ္ဍာရေးနှစ်များအတွင်း နှစ်စဉ်မူလခန့်မှန်းခြေ ငွေစာရင်းနှင့် ဖြည့်စွက် ခွင့်ပြုငွေ စုစုပေါင်း ငွေကျပ်ဘီလီယံ ( ၁၉၀ ) ကျော်ကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်း အပ်နံှဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် မေယုတောင်တန်းလမ်းကွန်ရက်စီမံကိန်း လုပ်ငန်းများ အတွက် လိုအပ်သောဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက တာဝန်ယူ၍ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးနှင့် မောင်တောဒေသလုံခြုံရေးတို့ကို ပိုမိုထိရောက် ကောင်းမွန်လာစေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

သတင်းအရင်းအမြစ်-new watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။