လက်ရှိအချိန်တွင် မြန်မာနိင်ငံ ရခိုင်ပြည်နယ်အတွင်းတွင် အဓိကရုဏ်းအချို့ဖြစ်ပွားလျက်ရှိပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်း အဆိုပါကိစ္စများကို အမြင်မတူသူများရှိနေကြပါသည်။ အမေရိကန် လူမှုမီဒီယာ ဖြစ်သည့် Facebook သည် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ ARSA အား အန္တရာယ်ရှိသော အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။ ဒါ့အပြင် ယင်းအဖွဲ့မှတင်သော post များနှင့် ယင်းအဖွဲ့အား ထောက်ခံသူများ၏ ရေးသားတင်မှုများအားဖျက်ရန် ညွှန်ကြားထားသည်ဟု ဗြိတိန်မီဒီယာ Guardian က ဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူအစုအပြုံလိုက် ထွက်ခွာမှုကို “လူမျိုးစုလိုက် သန့်စင်မှု” ဟု ဖော်ပြကြပြီး ယင်းနှင့်ဆက်နွယ်သော သတင်းအချက်အလက်များအား စိစစ်ကန့်သတ်သည့်အတွက် Facebook သည် မြန်မာအစိုးရအား ထောက်ခံနေခြင်းဖြစ်သည်ဟု ဝေဖန်သူများက ယုံကြည်ကြသည်။

Facebook သည် သဘောထား ကွဲလွဲသူများအား ဖိနှိပ်ခြင်းဖြင့် “မျိုးသုဉ်းသတ်ဖြတ်မှုများအား လိမ်လည်ရန် ပူးပေါင်းကြံစည်သည်” ဟု တက်ကြွလှုပ်ရှားသူနှင့် ဂျာနယ်မိုဟာမတ်အန်ဝါအား ကိုးကားဖော်ပြခဲ့သည်။ RohingyaBlogger.com အတွက် လုပ်ကိုင်နေသော ကွာလာလမ်ပူ အခြေစိုက် ဂျာနယ်လစ် အန်ဝါက လူမှုအသိုင်းအဝိုင်းစံနှုန်း ချိုးဖောက်သည့်အတွက် Facebook က ဖယ်ရှားခဲ့သော post များအား ဓာတ်ပုံလုပ်၍ မျှဝေခဲ့သည် ရခိုင်ရှိ စီတီဇင် ဂျာနယ်လစ်နှင့် သတင်းထောက် ၄၅ ဦး ကွန်ရက်မှ Facebook ၏ စိစစ်မှုသတင်းကို ရရှိခြင်းဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။ အကြမ်းဖက်အဖွဲ့ ARSA ကို အမည်ပျက်စာရင်း သွင်းထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အတည်ပြု အသိပေးထားသည်။ ဦးဇော်ဌေးက Facebook တွင် တင်ခဲ့သောပုံ၌ ပါ၀င်သည့် Facebook ၏ ကြေညာချက်က “အကြမ်းဖက် အဖွဲ့အစည်းများအား ကျွနု်ပ်တို့၏ ၀န်ဆောင်မှုကို အသုံးပြုခွင့်မပေးကြောင်းနှင့် ယင်းကဲ့သို့ အကြမ်းဖက် အဖွဲ့များကို ချီးကျူးရေးသားမှု ထောက်ခံမှု ပါ၀င်သည့် အကြောင်းအရာ အားလုံးကို ဖယ်ရှားမည် ဖြစ်ကြောင်း” ဖော်ပြထားသည်။

Facebook ၏ လူမှုအသိုက်အဝန်း စံနှုန်းများက အကြမ်းဖက်မှု၌ ပါ၀င်ခဲ့သည့် အဖွဲ့များ စုစည်းအကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ အစုအပြုံလိုက်သတ်မှု၊ အုပ်စုဖွဲ့ အမုန်းတရား ဖြန့်မှုတို့ ဆောင်ရွက်သည့် အဖွဲ့များအား ထောက်ခံမှု၊ ယင်းအဖွဲ့များ၏ ရေးသားမှုတို့ကို ပိတ်ပင်သည်။ ရခိုင်ပြည်နယ်တွင် ရဲစခန်းများအား ပူးပေါင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရသည် ARSA အား အကြမ်းဖက်အဖွဲ့ဟု သြဂုတ် ၂၅ ရက်တွင် ကြေညာခဲ့ပြီးဖြစ်သည်။ ARSA နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပိတ်ပင်တားဆီးသည့် ဆုံးဖြတ်ချက်အား အစိုးရ၏ တောင်းဆိုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း Facebook က ပြောကြားခဲ့သည်။ ARSA ၏ နိုင်ငံရေး ရည်မှန်းချက်ကြောင့် မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်ကြောင့် ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု Facebook က ဆိုခဲ့သည်။ ဘင်္ဂါလီ ဒုက္ခသည်များ၊ ဂျာနယ်လစ်များ၊ စောင့်ကြည့်လေ့လာသူများက Facebook သည် ဘင်္ဂါလီမွတ်စလင်တို့အား လူ့အခွင့်အရေး ချိုးဖောက်မှုအကြောင်း သတင်းများကို စိစစ်ကန့်သတ်နေသည်ဟု ဝေဖန်မှုများ ရှိနေချိန်၌ Facebook က ARSA ကို ပိတ်ပင်ကြောင်း ၀န်ခံခဲ့ခြင်းဖြစ်သည်။

Source – Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။