မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ရှိ အထွေထွေညီလာခံခန်းမ (General Assembly Hall) ၌ (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည်။ မြန်မာစံတော်ချိန် ဒေသစံတော်ချိန် ည ၈ နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့သည်။ 

ထိုကဲ့သို့ ပြောဆိုရာတွင် ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှုများအား ထပ်လောင်းပြောကြားပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံပေးရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ၁၈ မိနစ်ခန့် ကြာမြင့်သည့် အဆိုပါ အထွေထွေမူဝါဒ မိန့်ခွန်းတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်တွင် အတည်ပြု ပါ၀င်ခဲ့သည့် ကိစ္စရပ်၊ နိုင်ငံအတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များ နှင့် ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့သော အဖြေရရှိရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်အခြေအနေများကို ထည့်သွင်းပြောကြားသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံအတွင်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံခြား သံတမန်များအား စက်တင်ဘာ ၁၉ ရက်က ဖိတ်ခေါ်ပြောကြားသည့် အခြေအနေများကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းပြီးနောက် ၎င်း၏မိန့်ခွန်းတွင် ရခိုင်ပြည်နယ် အရေးကိစ္စအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် အချက်အလက်များအပေါ် ဒုတိယသမ္မတက ထပ်လောင်း ရှင်းလင်းပြောကြားသည်။ ယင်းအပြင် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးအတွက် အကူအညီ လိုအပ်နေကြသည့် ပြည်သူများအားလုံး ခွဲခြားဆက်ဆံမှုမရှိဘဲ အကူအညီများအား လက်ခံရရှိစေရေးအတွက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း နှင့် လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းများအတွက် နိုင်ငံတော်က ရန်ပုံငွေနှင့် အရင်းအမြစ် အများအပြားကို ခွဲဝေချမှတ်ထားပြီး ဖြစ်ကြောင်း ဒုတိယသမ္မတ သီးဟင်နရီဗန်ထီးယူက ရှင်းလင်းပြောကြားခဲ့သည်။

Source – Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။