လက်ရှိအချိန်တွင် ရခိုင်ပြည်မောင်တော ဒေသတွင် အကြမ်းဖက်ဆူပူမှုများဖြစ်ပွားနေသည်။ အဆိုပါကိစ္စရပ်များကို အစွန်းရောက် ဘင်္ဂါလီများက ပြုလုပ်နေကြခြင်း ဖြစ်သည်။ အထူးသဖြင် ့ARSA အကြမ်းဖက်အဖွဲ့ အဓိက ပါ၀င်ပါသတ်နေသည်။ ယခုအခါတွင်လည်း မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်နေစဉ် မောင်တောမြို့ပေါ်နှင့် ကျေးရွာများတွင် မီးလောင်မှု ထပ်မံဖြစ်ပွားကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် မောင်တောမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သော ကညင်တန်း (မြို့မ) အုပ်စုရှိ ဒီလ်ပါရာကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ လူမနေသည့် ဘင်္ဂါလီနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် မောင်တောမြို့ ကညင်တန်း (မြို့မ) အုပ်စုရှိ ဒီလ်ပါရာကျေးရွာ၌ မီးလောင်မှုဖြစ်ပွား၍ မောင်တောမီးသတ်ဦးစီးမှူးရုံး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ 1N/6236 CNJ မီးငြိှမ်းသတ်ယာဉ်ဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦး၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါလျက် သွားရောက်ငြိှမ်းသတ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မီးလောင်ရာနေအိမ်သို့ မီးသတ်ယာဉ်များ ၀င်/ထွက်မရသဖြင့် မီးသတ်ရေစုပ်စက်များဖြင့် ကျေးရွာရှိ ရေတွင်းမှစုပ်ယူ၍ မီးငြိှမ်းသတ်ခဲ့ရကြောင်း၊ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၁၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၀၀၀၀ ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်ကလည်း မောင်တောမြို့ပေါ် ကညင်တန်း (မြို့မ)၊ ဒီလ်ပါရာ ဘင်္ဂါလီရွာတွင် နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၈၀၀၀၀ ဖြစ်သည်။ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် တာဝန်ကျ စခန်းကင်းသမားက မီးခိုးတွေ့သဖြင့် ၁၂ နာရီ ၄၇ မိနစ်တွင် မြို့နယ်မီးသတ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးဖြင့် သွားရောက်စဉ် လမ်းများမှာ မိုးရွာသွန်းမှုကြောင့် မီးသတ်ယာဉ် ၀င်/ထွက်ရန် ခက်ခဲသောကြောင့် လမ်းများပေါ်၌ တင်ကျန်နေသော ရေများဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက ရေပုံးများဖြင့် ၀ုိင်းဝန်းငြိှမ်းသတ် ခဲ့ရကြောင်း သိရသည်။ အလားတူ စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် မောင်တောမြို့ ရွာသစ်ကေရပ်ကွက် ကလာဘာရွာ၌ ယခင်မီးလောင်ပြင်ဟောင်းတွင် ကျန်ရှိနေသော လူနေထိုင်ခြင်း မရှိသည့် ဓနိမိုး၊ ထရံကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သဖြင့် တန်ဖိုးကျပ် ၃၀၀၀၀ ဆုံးရှုံးခဲ့ကြောင်း၊ တရားခံ ဖမ်းဆီးရမိရေး မောင်တော မြို့မရဲစခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် မောင်တောမြို့နယ် နယ်မြေ (၅) ငါးစားကြူးကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြံုရေးတပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းရာ နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အလားတူ မွန်းလွဲ ၂ နာရီတွင် မောင်တောမြို့နယ် နယ်မြေ (၄) ကြိမ်ချောင်းမြောက်ရွာ၌ ဘင်္ဂါလီများနေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၎င်းအိမ်များနှင့် ကပ်လျက်ရှိသည့် ဟိန္ဒူလူမျိုးများ၏ နေအိမ်များကို ကူးစက်လောင်ကျွမ်း ခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို၊ ရခိုင်၊ ဘင်္ဂါလီနှင့် ဟိန္ဒူလူမျိုးများနှင့်အတူ စုပေါင်းငြှိမ်းသတ်ရာ ညနေ ၃ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် တန်ဖိုးကျပ်ရှစ်သိန်းခန့်ရှိ နေအိမ် ရှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးရှို့သူအား ကြိမ်ချောင်းနယ်မြေစခန်း၌ (ပ)၄၄/၂၀၁၇၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

Source – Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။