အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟယာနာပြည်နယ်က ဂျော့ဂနာခီရာရွာမှာ လိင်ဆက်ဆံဖို့ ငြင်းဆန်တဲ့ ဇနီးဖြစ်သူကို ခင်ပွန်းက သတ်လိုက်တယ်လို့ ရဲကပြောကြောင်း ဘီဘီစီသတင်းမှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ဖော်ပြထားပါတယ်။ အသက် ၃၅ နှစ်အရွယ် ဆန်းဂျစ်ဗ်ကူးမားက ဇနီးဖြစ်သူ ဆူမန်းကို နိုဝင်ဘာ ၁၄ ရက်နေ့ ခိုက်ရန်ဖြစ်စဉ်အတွင်း လည်ပင်းညှစ်ခဲ့တာလို့ သိရပြီး ဖမ်းခံရပြီးတဲ့နောက် သူက ပြစ်မှုကို ဝန်ခံခဲ့တယ်လို့ ရဲအရာရှိတဦးဖြစ်သူ ရာမဲ့ရှ်ဂျက်ဂလန်က ပြောပါတယ်။ 

“အမျိုးသမီးက လိင်ဆက်ဆံဖို့ကို ခဏအတွက်ပဲ ငြင်းခဲ့တာပါ၊ နိုဝင်ဘာ ၁၄ ရက်နေ့ကတော့ သူမက ထပ်ငြင်းခဲ့တယ်။ ဒါကြောင့် သူက ဒေါသထွက်ပြီး သူမကို လည်ပင်းညှစ်ခဲ့တာ ကျနော်တို့ သူ့ကို ဖမ်းလိုက်ပါပြီ” လို့ မစ္စတာဂျက်ဂလန်က ပြောလိုက်ပါတယ်။ ဒီစုံတွဲက လက်ထပ်ထားတာ ဆယ်စုနှစ် ၁ ခုကျော် ကြာခဲ့ပြီး သူတို့ ၂ ဦးမှာ ကလေး ၂ ဦး ရှိတယ်လို့ ဆိုပါတယ်။ 

ဆယ်စုနှစ်တခုကျော်အတွင်း အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေထဲမှာ အိမ်တွင်းအကြမ်းဖက်မှုက အများဆုံးလို့ သတင်းထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုတွေက အချိန် ၅ မိနစ်ကြာတိုင်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စအရေး တက်ကြွလှုပ်ရှားသူတွေကတော့ အမှန်တကယ် ကိန်းဂဏန်းက ဒီထက်များပြားတယ်လို့ ဆိုပါတယ်။ ၂၀၀၅ မှာ အိန္ဒိယနိုင်ငံအတွင်း အမျိုးသမီးတွေကို အိမ်တွင်းအကြမ်းဖက်မှုကနေ ကာကွယ်ဖို့ ဥပဒေအသစ် စတင်ပြဋ္ဌာန်းခဲ့ပေမယ့် ဒီဥပဒေအောက်မှာ စာရင်းသွင်းတဲ့ အမှုတွေက ရာဇဝတ်မှုအနေနဲ့ မသတ်မှတ်လို့ အကြမ်းဖက်မှုဖြစ်နေတာကို မရပ်တန့်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ အမျိုးသားကြီးစိုးတဲ့ လူ့အသိုင်းအဝိုင်းအတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေက အမြစ်တွယ်နေတာပါ။ အမျိုးသမီးတွေအပေါ် မတရား စော်ကား နှိပ်စက်ညှဉ်းပန်းမှုက ကျယ်ကျယ်ပြန့်ပြန့် အပြစ်မယူလျစ်လျူရှု ခွင့်လွှတ်ထားခြင်းခံရတယ်လို့ သိရပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။