မရမ်းကုန်းမြို့နယ် အမှတ် (၄)ရပ်ကွက် Ocean Center ၌ အသံမြည် ပေါက်ကွဲ မှုဖြစ်စဉ်ဖြစ်ပွား

မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Center ၌ ယမန်နေ့ည ပိုင်းက အသံမြည်ပေါက် ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ည (၇)နာရီ (၃၅)မိနစ်အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Center မြေညီထပ်ရှိ အများ သုံး အမျိုး သားအိမ်သာခန်းအတွင်း သန့်ရှင်းရေးဝန်ထမ်း တစ်ဦးမှ ပလတ်စတစ် အမှိုက်ပုံး အား နေရာရွှေ့စဉ် အမှိုက်ပုံးအတွင်းမှ ပေါက်ကွဲသံကြားရပြီး မီးတောက်များ ဖြစ်ပေါ်လာကာ ဒုတိယအကြိမ် အသံထွက် ပေါ်လာကြောင်း၊ စင်တာလုံခြုံရေး ဝန်ထမ်းမှ မီးသတ် ဆေးဘူးဖြင့် ငြိှမ်းသတ်ခဲ့ရာ မီးငြိမ်းသွားကြောင်း၊ ပေါက်ကွဲမှုကြောင့် ပလတ်စ တစ်အမှိုက် ပုံး၏ အပေါ်ပိုင်း မီးလောင်ခဲ့ပြီး လူထိခိုက်မှုမ ရှိကြောင်းနှင့် အမှိုက်ပုံးအတွင်းမှ M-150 အချိုရည်ပုလင်းကွဲအစများ တွေ့ရှိရကြောင်း သိရှိရသည်။

အလားတူ (၇) နာရီ (၄၅) မိနစ်ခန့်တွင် ရပ်ထားသည့် 6D/------ Fit ခဲရောင်ယာဉ် သည် Ocean Center ကားပါကင်မှ ပြန်လည်ထွက်ခွာစဉ် ယာဉ်၏ဝဲဘက် နောက်ဘီး ဖြင့် M-150 အချိုရည်ပုလင်းအား ကြိတ်မိရာမှ အသံမြည်ပေါက်ကွဲခဲ့ပြီး လူနှင့်ယာဉ် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာသို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့၊ အမှတ် (၉၀၅)စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် အမှတ်(၂) မှုခင်းရဲတပ်ဖွဲ့ ခွဲ(ရန်ကုန်) ပေါက်ကွဲပစ္စည်းစစ် ဆေးရေးဌာနစုမှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ရာ အိမ်သာ ခန်းရှိ ပလတ်စတစ် အမှိုက်ပုံးထဲ၌ M-150 အချိုရည်ပုလင်းအတွင်း ဓာတုဗေဒ ဆေးရည်တစ်မျိုးမျိုးထည့်ပြီး အခြား ဓာတုပစ္စည်းပါရှိသော ဖန်ပြွန်တစ်ခုအား ပုလင်းအတွင်း ထပ်မံထည့်ထား ကာထောင် ထားစဉ် အမှိုက်ပုံးကို ရွှေ့လိုက်သဖြင့် ဖန်ပြွန်အတွင်းမှ အရည်များပုလင်း အတွင်း ထွက်ကျကာ ပုလင်းမှာပေါက်ကွဲ၍ အသံမြည်မှုနှင့် မီးလောင်မှုဖြစ်ပွား စေခြင်းဖြစ် သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကျူးလွန်သူအား ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ အက် ဥပဒေပုဒ်မ ၃ အရ အမှုဖွင့်စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ သတင်းရရှိသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။