သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီး တစ် ဦး ဒဏ်ရာရရှိ သည့်ဖြစ်စဉ် နိုဝင်ဘာ ၁၈ ရက် နံနက် ၅ နာရီခွဲက ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ 1G1 ဟိုတယ်ရှေ့၌ ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

''ကျမတို့ ဟိုတယ်က ထွက်လာပြီး အိမ်ပြန်ဖို့ ကားပါကင်သို့ သွားစဉ် ယခင်က ရည်းစားဟောင်းဖြစ်ခဲ့သူ စိုင်းပန်ရောက်လာပြီး စကားပြောချင်တယ်ပြောသွားတယ်'' ဟု သေနတ်ဒဏ်ရာ ရရှိသူ မနန်းဆိုင် ဖောင်းက ပြောသည်။

ဖြစ်စဉ်တွင် ဟိုတယ်မှ ထွက်လာသူ မနန်းဆိုင်ဖောင်း၊ (၁၉ နှစ်) စီလီငေါ့ရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ်နေသူနှင့် သူငယ်ချင်းများဖြစ်သူ စိုင်းလုံ၊ စိုင်းဝမ်းရှီးနှင့် နန်းစီဝမ်တို့ လေးဦးသည် နေအိမ်သို့ပြန်ရန် ကားပါကင်သို့ သွားရောက်စဉ် စိုင်းပန်မှ အနီးသို့ ရောက်ရှိလာပြီး မနန်းဆိုင်ဖောင်းနှင့်၄င်း စကားပြောချင်ကြောင်းပြောရာ မနန်းဆိုင်ဖောင်းမှ လက်မခံဘဲ စကားမပြောလိုကြောင်း ပြန်ပြောသဖြင့် စိုင်းပန်နှင့် စကားများခဲ့ကြောင်း၊ ၄င်းတို့ လေးဦးသည်နေအိမ်သို့ပြန်ရန်အတွက် ကားပေါ်သို့တက် ၍ ကားထွက်မည့်ပြုစဉ် စိုင်းပန်မှ 

ကားအရှေ့မှ မတ်တပ်ရပ်ပြီး သေနတ်ဖြင့် (၆)ချက်ခန့်ပစ်ခတ်ရာ ကားအတွင်းရှိ စိုင်းလုံ(၃၀ နှစ်)၊ စီလီငေါ့ရွာ၊ မိုင်းကိုးအုပ်စု၊ တာချိလိတ်မြို့ နယ်နေသူ၏ ရင်ညွန့်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး၊ မနန်းဆိုင်ဖောင်း၏ ယာဘက်ခြေသလုံးတွင် ကျည်ဝင်ဒဏ်ရာ နှစ် ချက်(မစိုးရိမ်ရ) တို့ရရှိပြီး တာချီလိတ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။

လူကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သူ စိုင်းပန်အား ဥပဒေအရအရေး ယူပေးရန် မနန်းဆိုင်ဖောင်းမှ တရားလိုပြုလုပ်တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းက (ပ)၂၁၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃ဝရဖြင့် အမှုဖွင့်ကာ တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။