မြင့်မြတ်တဲ့ လုပ်ဆောင်မှုတိုင်းကို လုပ်ဆောင်တက်တာ ဗုဒ္ဓဘာသာ ဝင်တိုင်းရဲ့ ဓလေ့ဆိုလည်း မှားမယ်မထင်ပါဘူးနော်။ အဆိုပါ နေ့များထဲမှ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဒသမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်အကြို (၉၉)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်(၁ဝ)နာရီတွင် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ 

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါသစရိယ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒ န္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ ၊ ဝတ်ရွတ်အသင်းများ တက်ရောက်ပူဇော် ခဲ့ကြပါတယ်။ ရှေးဦးစွာ သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ အာဒိစ္စဝံသ ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပါတယ်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့ဝင်များက ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်း ပရိတ်အိုးများကို ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။

ထို့နောက် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ် ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျပဋ္ဌာနဘာဏက သံဃာတော်မှစတင်၍ မဟာပဋ္ဌာန်းမြတ်ဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပေါင်းလဆန်း(၇)ရက် (၂၁-၂-၂ဝ၁၈) ရက်နေ့မှ တပေါင်းလဆန်း (၁၁)ရက်(၂၅-၂-၂ဝ၁၈) ရက်နေ့အထိ (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။