မြန်မာနိုင်ငံရဲ့ တစ်စိတ်တဒေသဖြစ်တဲ့ရှမ်းပြည်နယ် တာချီလိတ်ကို မြန်မာပြည်သားတိုင်း သိကြမယ်ထင်ပါတယ်။ လက်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်၊ မိုင်းဖြတ်၊ တာလေ၊ မိုင်းယောင်း၊ မိုင်းယုမြို့များရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ဆက်သွယ်မှု ပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက (Mobile GSM Station) မိုဘိုင်းတယ်လီဖုန်းတာဝါတိုင် ၃၈ တိုင်ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ လမှစတင်ပြီး တိုးချဲ့တပ်ဆင်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ တည်ဆောက်ပြီးသော တာဝါတိုင်နှင့် အသစ် တည်ဆောက်လျက်ရှိသော တာဝါတိုင်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီတို့ပူးပေါင်းကာ တာချီလိတ်၊ တာလေ၊ မိုင်းဖုန်း(က/ခ)အုပ်စု၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယု တို့၌ GSM မိုဘိုင်းတယ်လီဖုန်းတာဝါတိုင်များ တည်ဆောက် လျက်ရှိခဲ့ပါတယ်။၎င်းအပြင် ဖေဖော်ဝါရီ ၁၈ ရက်တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ပါခုတ်ကျေးရွာတွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဝမ်လုံးကျေးရွာအုပ်စု လွယ်စတုံ (အောက်) ရွာ၌ လည်းကောင်း၊ Mobile GSM Station ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရှမ်းပြည်နယ်အရှေ့ပိုင်း မန်နေဂျာ ဦးသိန်းဌေးမြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

တာချီလိတ်ခရိုင်အတွင်း ဖုန်းသုံးစွဲသူများလာ၍ GSM မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများ ခေါ်ဆိုမှုခက်ခဲနေကြောင်း သိရပါတယ်။ တာချီလိတ်မြို့နယ်တွင် တာဝါတိုင် ၂၄ တိုင်၊ တာလေ မြို့တွင် တာဝါတိုင် လေးတိုင်၊ မိုင်းဖြတ်မြို့တွင် တာဝါတိုင် ငါးတိုင်၊ မိုင်းယောင်းမြို့တွင် တာဝါတိုင် နှစ်တိုင်၊ မိုင်းယုမြို့တွင် တာဝါတိုင် တစ်တိုင်နှင့် ကျိုင်းလပ်မြို့တွင် တာဝါတိုင် နှစ်တိုင် စုစုပေါင်း တာဝါတိုင် ၃၈ တိုင် ဆောင်ရွက်ထားကြောင်း သိရပါတယ်။ ထို့ပြင် GSM တာဝါတိုင်တစ်တိုင်သည် မိုဘိုင်းဖုန်းလိုင်းအင်အား ၆ဝဝဝ ကို သုံးစွဲနိုင်၍ တာဝါတိုင် ၃၈ တိုင်ကို ဖုန်းလိုင်းအင်အား ၂၂၈ဝဝ သုံးစွဲရမည်ဖြစ်သဖြင့် ဒေသခံပြည်သူများ ယခင်ထက် ဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြောပြထားပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။