ဖေဖော်ဝါရီ (၂၃)ရက်နေ့ ၊ နံနက် ၅ နာရီ ၄၅ မိနစ် အချိန်ရန်ကုန်အရှေပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၅၁)ရပ်ကွက်၊ အောင်သစ္စာလမ်းရှိ သပြေခြံကျူးကျော်ရပ်ကွက်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ကျူးကျော်ရပ်ကွက်ရှိ ကိုကောင်းမြတ်ရဲ့ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့ တာဖြစ်တယ်လို့ ရန်ကုန်အရှေပိုင်းခရိုင်မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောပါတယ်။ဖြစ်စဉ်မှာတော့ သောက် လက်စ ဆေးလိပ်တိုအား ဆေးလိပ်ခွက်ထဲ ထည့်ထားရာ ဆေးလိပ်ခွက် စာအုပ်ပုံပေါ်သို့ ပြုတ်ကျရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အင်အား(၂၆၀)၊ အရန်မီးသတ်(၆၅)ဦး၊ သီးသန့် မီးသတ်တပ်ဖွဲ့မှ (၂၀)ဦး နှင့် မီးသတ်ယာဉ်(၃၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ်(၆)စီး၊ ထောက်ပံ့ယာဉ်(၁၀)စီးတို့ဖြင့် သွားရောက်ငြိုမ်းသတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။နံနက် ၆ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။အဆိုပါ မီးလောင်မှုဖြစ်စဉ် ကြောင့် ကျူးအိမ်ခြေ (၃၂)လုံး၊ မီးလောင်ခံရပြီး အိမ်ထောင်စု (၃၂) စုနှင့် ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း (၅၈) ခန့် ဖြစ်ကြောင်း၊ မီးဘေးသင့် ခံရသော အိမ်ထောင်စုများအား (၅၁)ရပ်ကွက် ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့် လှစ်ထားရှိတယ်လို့ သိရပါတယ်။  

မီးလောင်မှုဖြစ်စဉ်သို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၊ ဒုတိယတိုင်းမီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုကြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးတို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာလည်း မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ (ပ)၄၇၁/၂၀၁၈/ပုဒ်မ -၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။