မူးယစ်ဆေးဝါးဟာ ကမ္ဘာတစ်ဝန်းမှာ လူငယ်တွေရဲ့အနာဂတ်တွေကို ဝါးမျိုလောင်မြိုက်နေတဲ့ မကောင်းဆိုးဝါးဖြစ်ပါတယ်။ သာစည်မြို့နယ် မယ်ဇလီကန်ရွာအဝင်ဇရပ်မှာ ဖေဖော်ဝါရီလ ၂၅ ရက်က ဈေးဝယ်လာတဲ့ တူအရီး နှစ်ဦးဆီကနေ သိန်း ၅၁၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့သိရပါတယ်။ 

ရမည်းသင်းမြို့နယ် တောင်ကြီးရွာနေ အသက် ၂၅ နှစ်ရှိ သန်းထိုက်နဲ့ သစ်ဆုံကြီးရွာနေ အသက် ၃၈ နှစ်ရှိ ဒေါ်ခင်နှင်းဆီတို့နှစ်ဦးအား မသင်္ကာလို့ ရှာဖွေစစ်ဆေးရာမှ ပလတ်စတစ်ခြင်းနဲ့ လွယ်အိတ်ထဲက စိတ်ကြွဆေးပြားပေါင်း ၁ သောင်း ၇ ထောင် ဖမ်းမိခဲ့တာလို့ သိရပါတယ်။ “သန်းထိုက်နဲ့ မခင်နှင်းဆီတို့ မယ်ဇလီကန်ဇရပ်မှာ နားနေတုန်း ဘယ်ကလာကြတုံး ဆိုတော့ ဆိုင်ကယ်နဲ့ ရမည်းသင်းကနေ သာစည်ကို ဈေးဝယ်လာတာတဲ့။ မသင်္ကာတာနဲ့ ရှာလိုက်တော့ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်။ အလေးချိန် ၁ ဒသမ ၇ ကီလိုဂရမ် ရှိတယ်။ ကာလတန်ဖိုး သိန်း ၅၁၀ ရှိတယ်။ ကွင်းဆက်နဲ့ ဆက်စပ်တာတွေ စုံစမ်းနေဆဲပါ” လို့ ပြောကြားချက်အရသိရပါတယ်။

သာစည်မြို့မရဲစခန်းမှာ သန်းထိုက်နဲ့ ဒေါ်ခင်နှင်းဆီတို့ကို မူယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဥပဒေအရ သုံးစွဲမှု၊ လက်ဝယ်ထားမှု၊ ဖြန့်ဖြူးရောင်းချမှု ပုဒ်မ၁၅/၁၉(က)/၂၁ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့သိရပါတယ်။ ဆက်လက်ပြီးတည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ဝင်ပြောကြားချက်အရသိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။