အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်ချီးမြှင့်သော “နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆု” ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၆) နှစ်ဆက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သော အခွန်ထမ်း ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဦးအောင်ကိုဝင်းအား ဂုဏ်ပြုချီးမြှင့် ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဂုဏ်ထူးဆောင်ဆုကို ဒီကနေ့ မတ်လ (၆)ရက်နေ့၊ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ကျင်းပရာ ပေးအပ်ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း အပါအဝင် ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွက် နိုင်ငံတော်အခွန်ဘဏ္ဍာအတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သော လုပ်ငန်းရှင်(၂၀)ဦးနှင့် အထူးဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်က၂၀၁၁-၂၀၁၂ မှ ‎၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ် အထိ၊ မြန်မာတစ်နိုင်ငံလုံးတွင် ပထမနေရာမှ(၆)နှစ်ဆက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းအား နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆုအဖြစ် အထိမ်းအမှတ် ရွှေစင်ရုပ်ထု၊ ရွှေဆွဲပြားနှင့် ဂုဏ်ထူးဆောင်လက်မှတ် တို့ကို ပေးအပ်ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။

ယခုချီးမြှင့်ခြင်းခံရသော နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆုသည် ယခုအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် ချီးမြှင့်သောဆုတံဆိပ်လည်း ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းသည် ၂၀၁၁-၂၀၁၂ မှ ၂၀၁၃-၂၀၁၄ နှစ်အထိ ၃ နှစ်ဆက်တိုက် ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဆက်လက်ပြီး ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့ကြသော လုပ်ငန်းရှင် (၁၀) ဦး နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ကြသော လုပ်ငန်းရှင် (၁၀)ဦးတို့အား ဂုဏ်ထူးဆောင် မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ရာ တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သော ဆုကို ဆက်လက်ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Source - KBZ BANK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။