လက်ရှိမြန်မာနိုင်ငံဟာ ဆေးဝါးဆိုင်ရာဆင်းရဲသော နိုင်ငံတစ်ခုဖြစ်ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်မီးလောင်ဒဏ်ရာ လူနာများကို ဖေဖော်ဝါရီလ ၂၆ ရက် နေ့မှ မတ်လ ၇ ရက်နေ့အထိ ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံမှ ခွဲစိတ် ဆရာဝန်ကြီးများက အခမဲ့ပါဝင် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါခွဲစိတ်ကုသပေးခဲ့သည့် ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံမှ ခွဲစိတ် ဆရာဝန်ကြီးများအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီးဒေါက်တာ ရွှေဝင်း ကိုယ်စား၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာသိန်းကြိုင်က ဂျာမနီနိုင်ငံမှ အထူးကုဆရာဝန်ကြီးများ နှင့် မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများအား ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါကုသမှုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ စားဖိုမှူးများအသင်း နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပရဟိတအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ 

ဖေဖော်ဝါရီလ ၂၆ ရက် နေ့မှ မတ်လ ၇ ရက်နေ့အထိ လူနာ(၂၂၃)ဦးကို စမ်းသပ်ကြည့်ရှုပေးပြီး၊ လူနာ(၁၃၁)ဦးအား အောင်မြင်စွာ ခွဲစိပ်ကုသပေးနိုင်ခဲ့ပါတယ်။ ထို့နောက် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်မှန်ရိုက်ပေးခြင်း၊ အာထရာဆောင်း ရိုက်ပေး ခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခြင်း၊ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များ၊ လက်ထောက် ဆရာဝန်များ၊ သူနာပြု ဆရာမကြီးများ၊ သူနာပြုဆရာမများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက စိတ်အားထက်သန်စွာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။