Ursid Meteor Shower လို့ခေါ်တဲ့ ဓူဝံကြယ်ပါဝင်တဲ့ ကြယ်တာရာမှာ ကြယ်တွေကြွေကျခြင်းဖြစ်စဉ်ကို လာမယ့် ဒီဇင်ဘာလ ၂၁ ည (၂၂ မနက်) ပိုင်း အချိန်မှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်..။

တစ်နာရီကို ၅ လုံးမှ ၁၀ လုံးထိ သာ အများဆုံး ကြွေကျနိုင်ပြီး လ မင်းရဲ့ အလင်းရောင်ကလည်း တစ်ဝက်လောက်သာ ရှိနေပြီမို့ အနှောင့်အယှက် သိပ်မပေးနိုင်တော့ပါဘူး..။ ပြင်ပအလင်းရောင် အနှောင့်အယှက် ကင်းတဲ့နေရာကနေ ဓူဝံကြယ်ရှိတဲ့ မြောက်ဘက်အရပ်ကို လှမ်းမျှော်ကြည့်လျှင် ကြယ်ကြွေခြင်းများကို သင် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ (ဓူဝံကြယ်ရဲ့ အောက်ဘက်ကို ဆက်ကြည့်ရမှာပါ။)

ကြယ်ကြွေတယ်ဆိုတာကတော့ ကျနော် အမြဲပြောခဲ့သလို.. အာကာသအတွင်းက ဥက္ကာခဲ မှုန်လေးတွေ ကမ္ဘာ့လေထုနဲ့ ပွတ်တိုက်မိရာက ထွက်ပေါ်လာတဲ့ အလင်းတန်းများပဲဖြစ်ပါတယ်။ ယခု ဝင်တိုက်မိမယ့် ဥက္ကာခဲ များကတော့ ၁၇၉၀ ခုနှစ်ကတွေ့ရှိခဲ့တဲ့ Tuttle အမည်ရှိသော ကြယ်တံခွန်ရဲ့ လမ်းကြောင်းမှာ ကျကျန်ခဲ့တဲ့ အမှုန်များပဲ ဖြစ်ပါတယ်။ ကျနော်တို့ ကမ္ဘာဟာ ထို လမ်းကြောင်းကို နှစ်စဉ် ဒီဇင်ဘာလ ၁၇ မှ ၂၅ ရက်ကြားမှာ ဖြတ်သန်းပါတယ်။ အမှုန်အမွှားတွေ အများဆုံးရှိတဲ့နေရာကိုတော့ ဒီဇင်ဘာ ၂၁ နဲ့ ၂၂ ရက်တို့မှာ ရောက်ရှိလေ့ရှိပါတယ်..။

မြန်မာနိုင်ငံမှ ကြည့်ရှုမည်ဆိုလျှင်တော့ မြောက်ဘက် မိုးကုတ်စက်ဝိုင်းနဲ့ သိပ်ကို နီးကပ်တဲ့နေရာမှာ ည သန်းခေါင်ကျော်မှ ဒီကြယ်တာရာ ထွက်လာမှာဖြစ်လို့ သိပ်ကို ကံကောင်းလွန်းမှ တစ်လုံးစ၊ နှစ်လုံးစ လင်းလက်တာကို တိုက်ဆိုင်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်..။

အာကာသဝါသနာရှင်များအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။