မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိရာ ယခင်နှစ်တွေနဲ့ မတူညီပဲ မြန်မာ့ရိုးရာမပျက် လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ် များ၊ စတုဒိသာမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ လမ်းလျှောက်သင်္ကြန်ကို ဧရာဝတီမြစ်ကမ်းနံဘေးရှိ မဲထီးလမ်းထိပ်မှ ကျောက်သားဥယျာဉ်အထိ သတ်မှတ်ကျင်းပ မည်ဖြစ်ပြီး မုခ်ဦးနှစ်ခုနှင့်အတူ ပထမဆုံးမဏ္ဍပ်တွင် ကုန်းဘောင်ခေတ်ပုံစံဆောက်လုပ်၍ သားငယ် သမီးငယ်များက သပြေခက်ဖြင့် ရေကစားခြင်းနှင့် ပုသိမ်ထီးများ၊ ပလတ်စတစ် ထီးများဖြင့် ဝေဝေဆာဆာ အလှဆင်ထားမည်ဖြစ်ကြောင်း သိရပါတယ်။ 

ဒုတိယ မဏ္ဍပ်တွင် ကျေးလက်စတိုင်သင်္ကြန်အနေဖြင့် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ သျှောင်ပေစူးလေးများနှင့် ရေကစားရန် ပြင်ဆင်ထား၍ တတိယမဏ္ဍပ်တွင် ရခိုင်ရိုးရာသင်္ကြန် လောင်းလှေဖြင့် ရေပက်ကစားခြင်း၊ ကျောက်ပြင်နှင့် သနပ်ခါးတုံးများဖြင့် နံ့သာသွေး၍ ရေကစားရန် စီစဉ် ထားပါတယ်။ ၎င်းအပြင် ဓာတ်ပုံပြိုင်ပွဲများလည်း ကျင်းပမည် ဖြစ်ကြောင်းကို လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဝင် ကိုမိုးထံမှ သိရပါတယ်။ ''ဒီနှစ်သင်္ကြန်ကိုတော့ အောင်အောင်မြင်မြင်နဲ့ ပြီးမြောက် အောင်လုပ်မှာပါ။ လုပ်တဲ့အခါမှာလည်း မြန်မာ့ရိုးရာဓလေ့ကို ထိန်းသိမ်းပြီးသားဖြစ်သွားအောင် ယဉ်ယဉ်ကျေးကျေးလေးနဲ့ ရိုးရာရဲ့အနံ့အသက်ပါတာလည်းဖြစ်အောင် ခမ်းခမ်းနားနား လုပ်မှာပါ။ 

အေးအေးချမ်းချမ်းလေးနဲ့ ရေပက်ဖျန်းလို့လည်းရအောင် လမ်းလျှောက်သင်္ကြန်မျိုးလေးလုပ်ပြီး မဏ္ဍပ်တွေ လည်း စည်စည်ကားကားနဲ့ ကျင်းပမယ်လို့ စီစဉ်ထားပါတယ်''ဟု တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပြောကြားခဲ့ပါတယ်။ လမ်းလျှောက်သင်္ကြန်တွင် ရေကစားမဏ္ဍပ် ၃၃ ခု ၊ စတုဒိသာမဏ္ဍပ် ၁၅ ခု၊ ဖျော်ဖြေရေးမဏ္ဍပ်နှစ်ခု ပါဝင် မည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်ကို ကမ်းနားလမ်း၊ ကျောက်သား ဥယျာဉ်၏ ညာဘက်နံဘေးတွင် တည်ဆောက်မည်ဟုသိရပြီး မကွေးမြို့တွင်း အဓိကလမ်းများတွင်လည်း ရေကစား မဏ္ဍပ်များ တည်ဆောက်ရန်စီစဉ်ထားကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။