ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲစဉ်၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် ချင်းယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့ သရေကျခဲ့သည့် ပွဲတွင် ပွဲချိန်အတွင်း ဒိုင်ဖြစ်သူအား ကိုယ်ထိလက်ရောက် ဆောင့်တွန်းကာ ဆဲဆိုခဲ့သည့် ရတနာပုံ အသင်းမှ ယူ-၂၂ လက်ရွေးစင် ကစားသမား ရှိုင်းသူရကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဒဏ်ငွေ ၅ သိန်းကျပ်နှင့် ၁၀ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ပွဲချိန် ၈၇ မိနစ်တွင် ရတနာပုံ အသင်းမှ လှိုင်းဘိုဘိုနှင့် ချင်းယူနိုက်တက်မှ ဒိုဆက်ကီတာတို့ ဘောလုံးယှဉ်လုစဉ် လှိုင်းဘိုဘို လဲကျသွားခဲ့သည်ကို ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့ခြင်း မရှိသည့် အတွက် ရှိုင်းသူရက ကွင်းလယ်ဒိုင် ဦးတင်နိုင်ထွေးကို ကိုယ်ထိလက်ရောက် ဆောင့်တွန်းကာ ဆဲဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အပြုအမူ အတွက် ကွင်းလယ်ဒိုင်က ရှိုင်းသူရကို အနီကတ်ပြသကာ ကွင်းအတွင်းမှ ထုတ်ပယ်မှု ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေဖြင့် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်များ၏ အစီအရင်ခံစာများကို ဖတ်ရှုလေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ရှိုင်းသူရ အနေဖြင့် လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင် ကစားရမည့် ဇွဲကပင်ယူနိုက်တက်နှင့် ပွဲမှ စတင်ကာ လွဲချော်တော့မည် ဖြစ်သည်။

Ref., MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။