ကမ္ဘာ့ဖလား ပြိုင်ပွဲ အရှိန်တက်လာတာနဲ့အမျှ ပွဲကြည့်စင်တွေမှာ အစားအသောက်နဲ့ ပလပ်စတစ်ခွက်တွေ အမှိုက်သရိုက်တွေ ကျန်နေတာတွေ တွေ့နေရပါတယ်။ဒါပေမဲ့ ဂျပန်က ကိုလံဘီယာ အသင်းကို နိုင်တဲ့ညကတော့ ဂျပန်အသင်း ပရိသတ်တွေက သူတို့အမှိုက်တွေကို သူတို့ သိမ်းသွားကြပါတယ်။သူတို့အသင်း အဖွင့်ပွဲမှာ ပထမဆုံးနိုင်တာ ဖြစ်ပေမယ့် သူတို့ခုံတွေကို သေချာ စနစ်တကျ သန့်ရှင်းသွားကြတာပါ။သူတို့သယ်လာတဲ့ အမှိုက်အိတ်ကြီးတွေနဲ့ ဂျပန်ပရိသတ်တွေ ခုံတန်းတွေထဲက ဆင်းလာကြပြီးနောက် လမ်းတလျှောက် အမှိုက်တွေ သိမ်းပြီး သူတို့ ဝင်လာတုန်းကလို သန့်ရှင်းအောင် ပြန်ထားခဲ့ကြပါတယ်။

ဒီလို သန့်ရှင်းရေး လုပ်ကြတာဟာ ဆာမူရိုင်း အပြာ ပရိသတ်တွေအတွက် ဒီတခါတည်းတော့ မဟုတ်ပါဘူး။။ဒီနှစ် ကမ္ဘာ့ဖလားမှာ ဆီနီဂေါ အသင်း ပရိသတ်တွေလည်း ဒီလို သန့်ရှင်းသွားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဂျပန်ပရိသတ်က ဒါတွေ အရင်ကတည်းက စလုပ်ခဲ့တာပါ။ဂျပန်ပြည်မှာ အားကစားပွဲတွေ သွားကြည့်ဖူးတဲ့ နိုင်ငံခြားသား အများအပြားလည်း ဒါကိုတွေ့ရတော့ အံ့သြကြပါတယ်။ပုလင်းတလုံး၊ အစားအသောက်အိတ်ခွံ စတာမျိုး မြေပေါ်မှာ ကျကျန်နေရင် နောက်က ဂျပန်တွေက ပုခုံးလာတို့ပြီး ရှင်းသွားဖို့ ပြောတာမျိုး နိုင်ငံခြားသားတွေ ကြုံရတတ်တယ်လို့ မက်ကင်တိုင်းယားက ပြောပါတယ်။ဒီအကျင့်က ဂျပန်တွေမှာ ကလေးဘဝ အစကတည်းက လေ့ကျင့်ပေးလိုက်ကြတာပါ။

ဂျပန်ကျောင်းတွေမှာ ကလေးတွေဟာ စာသင်ခန်းနဲ့ စင်္ကြံလမ်းတွေ သန့်ရှင်းရတယ်၊ အဲဒီကနေ ဘောပွဲတွေမှာ သန့်ရှင်းတဲ့ အကျင့်ပါလာတယ်လို့ အိုဆာကာ တက္ကသိုလ်က လူမှုဗေဒပါမောက္ခ စကောနော့သ်က ရှင်းပြပါတယ်။ဒီလို ရှင်းလင်းတဲ့ ဓလေ့ကြောင့် သူတို့ကို တခြားလူမျိုးတွေက ချီးကျူးရင်လည်း ဂျပန်တွေက ဂုဏ်ယူကြတယ်လို့လည်း သူက ဆိုပါတယ်။ဒါဟာ ကမ္ဘာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူတဲ့အကျင့်ကို လေ့ကျင့်အားပေးရာလည်း ရောက်တယ်လို့ ဆိုပါတယ်။ဒီလို အလေ့အကျင့်ကောင်းတွေကို ကမ္ဘာ့ဖလားလာကြည့်ကြတဲ့ နိုင်ငံစုံက လူမျိုးစုံမှာပါ အတုရမယ့် လုပ်ရပ်အဖြစ် မီဒီယာတွေမှာ ဖော်ပြရေးသားကြပါကြောင်း ။

Source - Time / BBC News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။