ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ယွန်းသွယ်ကျေးရွာအုပ်စု စာဖြူစုကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေက ဈေးကြွေး ၁၀၀၀ ကျပ်ကျော် တောင်းတာ မကျေနပ်လို့ အကြွေးရှင်ရဲ့ သားဖြစ်သူ ၃ နှစ်အရွယ် ကလေးငယ်အား ဓားနဲ့ ခုတ်သတ်ခံတဲ့့ အမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တယ်လို့ သာရဝေါနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ လက်ပံတန်းမြို့နယ်၊ ယွန်းသွယ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာနေ မအေးသန္တာက သားဖြစ်သူကို မတွေ့ရှိတာကြောင့် လိုက်လံရှာဖွေရာ အိမ်အနောက်ဘက်ကပ်လျက် နေအိမ်မှာ တဦးတည်းနေထိုင်တဲ့ မနန်းစိုးမိုးဟာ ဓားမကိုင်ဆောင်နေတာကို တွေ့ရှိရတဲ့အတွက် အနီးအနားက အခြားသူတွေကို အကူအညီတောင်းခံပြီး မနန်းစိုးမိုးရဲ့ နေအိမ်ပေါ် တက်ရောက်ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။

မနန်းစိုးမိုးရဲ့ နေအိမ်ပေါ်တက်ရောက်ရှာဖွေရာမှာ သားဖြစ်သူ မျိုးမြင့်အောင်ကို နေအိမ်အပေါ်ထပ် အခန်းအတွင်းမှာ ခန္ဓာကိုယ်အနှံ့အပြား ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရလို့ အရေးယူပေးဖို့ သာရဝေါ နယ်မြေရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်။

သာရဝေါနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းနိုင်နဲ့ တာဝန်ရှိသူတွေ စစ်ဆေးချက်အရ သေဆုံးသူရဲ့ မိခင်ဖြစ်သူက ဈေးကြွေး ၁၀၀၀ ကျပ်ကျော် တောင်းရမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်တာကြောင့် သားဖြစ်သူ အိမ်ကို လာရောက်စဉ် ဓားနဲ့ ခုတ်သတ်ခဲ့တယ်လို့ မနန်းစိုးမိုးက ဝန်ခံဖြောင့်ချက်ပေးခဲ့ကြောင်း သာရဝေါနယ်မြေရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

သာရဝေါနယ်မြေရဲစခန်းက မနန်းစိုမိုးကို (ပ)၂၁/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။