မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ မနုတ်ထွက်မချင်း ကော်မရှင်ရုံးရှေ့မှာ နေ့စဉ် ဆန္ဒပြဖို့နဲ့ ကော်မရှင်အဖွဲ့ဝင်တွေ နုတ်ထွက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုဖို့ အရပ်ဘက် အဖွဲ့အစည်း အချို့ စုပေါင်းပြီး ပြင်ဆင်နေပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေကို နေ့စဉ်ရှုတ်ချသွားမှာဖြစ်ပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုသွားမယ်လို့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်နှင့် လူမှုသဟဇာတ ဖြစ်ရေး စင်တာ က ကိုသက်ဆွေဝင်းက ပြောပါတယ်။
"လှည်းတန်းမှာ ကျနော်တို့စပြီးတော့ လက်မှတ်ကောက်မှာပေါ့၊ နုတ်ထွက်စေချင်ပါတယ်ဆိုတဲ့ ကမ်ပိန်းပေါ့၊ နောက်ပြီးတော့ နေ့စဉ် ဆန္ဒပြသွားဖို့လဲ စီစဉ်နေတာရှိပါတယ်။ လူ့အခွင့်အရေးကော် မရှင်ရှေ့မှာ နေ့စဉ်ကျနော်တို့သွားပြီး ဆန္ဒထုတ်ဖော်မှာပေါ့၊ အဲ့ဒါကတော့ တစ်ရက်ကို နာရီဝက်လောက်လုပ်ဖို့ စီစဉ်နေတာရှိပါတယ်၊ သူတို့နုတ်ထွက်တဲ့အထိ နေ့တိုင်း ကျတော်တို့ ရှုတ်ချ တာပေါ့၊ တောင်းဆိုမှုတွေလုပ်သွားမှာပေါ့"
ကော်မရှင် အဖွဲ့ဝင်တွေ နုတ်ထွက်ရေးအတွက် လက်မှတ်ကောက်ခံပွဲကို မနက်ဖြန် စက်တင်ဘာ ၂၄ ရက်နေ့ ကနေ၂၈ ရက်နေ့အထိ အဖွဲ့အစည်းအလိုက် ကောက်ယူသွားမှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ်တွေကို နိုင်ငံတော် သမ္မတရုံးကို တင်ပြသွားမှာ ဖြစ်ပါတယ်။
အခု လှုပ်ရှားမှုကို
ရန်ကုန်လူငယ်ကွန်ရက်
လူငယ်နှင့် လူမှုသဟဇာတ ဖြစ်ရေး စင်တာ
ညီမျှခြင်းမြန်မာ
Triangle Women Support
စတဲ့အဖွဲ့တွေ ပါဝင်ကြမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်က အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက အိမ်ဖော် မိန်းကလေး နှစ်ယောက်ကို လစာမပေးဘဲ ညှဉ်းပမ်းနှိပ်စက်ခဲ့ကြတဲ့ လုပ်ရပ်ကို လျော်ကြေးငွေနဲ့ ကျေအေးဖို့အတွက် လူ့အခွင့်အရေး ကော်မရှင်က ညှိနှိုင်းပေးခဲ့တာကြောင့် ကော်မရှင်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့ကို ပြင်ပြင်းထန်ထန် အရေးယူပေးဖို့ အရေးတကြီး အဆိုကိုလည်း ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူထားပါတယ်
Source : RFA Burmese
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။