အာရပ်လူမျိုး အရေပြားခွဲစိတ်မှုဆရာဝန်တစ်ဦး ၏ ခွဲစိတ်မှုအမှား ကြောင့် ဆော်ဒီ အမျိုးသမီးငယ် တစ်ဦး ခြေလက် ၃ချောင်း ဖြတ်ခဲ့ရသည့်အတွက် တရားဥပဒေနှင့်ရင်ဆိုင်ရပြီး ၎င်း၏ ဆေးကုသခွင့်လိုင်စင် အသိမ်းခံရမည့် အခြေအနေသို့ရောက်ရှိနေကြောင်း ပြည်တွင်းကျန်းမာရေးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

ဆော်ဒီအမျိုးသမီးငယ်၏ ခန္ဓာကိုယ်မှ အဆီပိုများအား ဖယ်ရှားသော အလှအပဆိုင်ရာ ခွဲစိတ်မှုပြုလုပ်ခဲ့သည့် ပုဂ္ဂလိက ဆေးခန်းမှ ခွဲစိတ်ဆရာဝန်အား ၎င်း၏ မိခင် က တရားစွဲဆိုခဲ့ပြီးနောက် ရီယာ့ဒ်မြို့ရှိ ကျန်းမာရေးအာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အလှအပဆိုင်ရာ ခွဲစိတ်မှုပြုလုပ်ပြီးနောက် လူနာ၏အခြေအနေ ဆိုးရွားလာ၍ အစိုးရဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အသက်အန္တရာယ်မှ လွတ်မြောက်စေရန် ၎င်း၏ လက်နှစ်ဖက်စလုံး နှင့် ညာဘက်ခြေထောက်အား ဖြတ်တောက်ပစ်ရန် ဆရာဝန်များက ဆုံးဖြတ်ခဲ့ကြသည်။

စုံးစမ်းစစ်ဆေးသူများက ပုဂ္ဂလိက ဆေးခန်း ၌ သာမန် ခွဲစိတ်မှုနှင့် ပတ်သက်သည့် ဆေးပစ္စည်း ကိရိယာများ မရှိသည့်အပြင် ဘေးကင်းလုံခြုံသော ခွဲစိတ်ကုသမှု ပြုလုပ်ရန် အနည်းဆုံးလိုအပ်သည့် စံသတ်မှတ်ချက်များ နှင့် ပင် ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပုဂ္ဂလိကဆေးခန်းများအနေဖြင့် ကျန်းမာရေးသတ်မှတ်ချက်များ နှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာကြရန် ထပ်ခါတလဲလဲ သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

အလှအပဆိုင်ရာ ခွဲစိတ်မှုတစ်ခု ပြုလုပ်နေစဉ် မြင်ကွင်း (ဓါတ်ပုံ-အင်တာနက်)

(Xinhua)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။