ဗုဒ္ဓဘာသာဝင်များ ဆောင်ရွက်လေ့ရှိကြတဲ့ ကုသိုလ်ပွဲ့အချို့မှာ လွဲချော်နေတဲ့ အသိကလေးများ ရှိနေတာကို သတိထား မိတယ်။ ဥပမာ-အနေကဇာတင်ရာမှာ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်စတာတွေလို မလို၊ နောက် အနေကဇာတင်တာ နေ့လည်တွင် မတင်ကောင်း” ဆိုတာမျိုးလိုပေါ့။

အနေကဇာတင်ကြွရန် ပင့်သူတိုင်း နောက်ဆက်တွဲက “ဘာတွေ လုပ်ထားရမှာလဲဘုရား” လို့ မေးလျှောက်လေ့ ရှိကြတယ်။ ဘာမှ မလိုပါဘူး၊ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရုပ်ပွားတော်ကို ပန်း ရေချမ်း ဆွမ်း ဆီးမီး သစ်သီး ကပ်ထားရင် ရပါတယ်လို့ ပြောလိုက်ရင်ပဲ-

မဟုတ်ဘူးလေဘုရာ့ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေ ဝယ်ထားဖို့ လိုတယ် မဟုတ်လားဘုရား”တဲ့။ အတွန့်တက်လေ့ ရှိကြတာကို အမြဲ ကြုံရတတ်တယ်။

မလိုပါဘူး ပြောတာကိုဘဲ သူတို့က မယုံကြဘူး။ အိမ်ရောက်ရင် အဲဒါတွေ မဝယ်ဖို့ ပြောထားပေမယ့် ဝယ်ထားသူတွေ က များလှတယ်။

“ရဟန်းတော်များကလည်း ဒီကိစ္စ အလေးထားပြီး မပြောကြ၊ ရှင်းပြ မပေးကြတော့ အဲဒီ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေက အနေကဇာတင်ရာမှာ မပါမပြီး အဓိကနေရာကို ယူလာတာ ကာလကြာပေါ့။ အဲဒါတွေ မပါရင်ဘဲ အနေကဇာတင်ကိစ္စ မဖြစ်တော့သလိုမျိုးတွေ ဖြစ်လာ ကြတယ်။

မြို့ကြီးပြကြီးတွေမှာ ဘုရားစောင်းတန်း သွားပြီး ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေကို ဝယ်ရတာ မခက်လှပေမယ့်၊ မြို့ငယ်နဲ့ ရွာတွေမှာတော့ အဲဒါတွေက ရှိခဲလှသမို့ အတော် ကြောင်းကျစိုက်ပြီး မြို့သွားသူကို မှာကြရတယ်။ အလုပ်ပိုတယ်ဆိုတာ အပိုအလုပ်တွေကို လုပ်ကြလို့ ဖြစ်တယ်။

ကြေကွဲဖို့ ကောင်းတာက အချို့ ရဟန်းတော်များက “အနေကဇာတင် တယ်ဆိုတာ အရုဏ်တက် လုပ်ရတယ်၊ ထီး၊တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်တွေကို ဘုရားဈေးမှာ ရှိတယ်၊ သွားဝယ်ထားကြ၊ ဖြစ်နိုင်ရင် သစ်သီးကိုးမျိုး ပန်းကိုးမျိုး ဘုရားမှာ ပူဇော်ထားကြ၊ သာသနာပွဲထိုးထားကြ၊ ဆန်ပန်း ပေါက်ပေါက်လဲ စီစဉ်ထားကြ”လို့ မိန့်တော်မူလေ့ရှိကြတယ်။

ဒကာ၊ ဒကာမတွေက ဘာသာရေးကိစ္စမှန်သမျှ ဘုန်းကြီးတွေပြောရင် အမှန်လို့ တထစ်ချ မှတ်ယူထားတတ်ကြ သူတွေဆိုတော့ အမှန်တွေဘဲ ထင်ကြတယ်။ လုပ်လာလိုက်ကြတာ ဒီကနေ့တိုင်ဘဲ ဆိုပါတော့။

အမှန်ကတော့ ဘုန်းကြီးတိုင်းလည်း ပိဋကတ်ကို ကျွမ်းကျင် တတ်မြောက်ခြင်း ရှိကြတာ မဟုတ်လို့ ဆရာသမားတွေနဲ့ အတူနေကြရင်း ဆရာသမားတွေ ပြောခဲ့သလို ကိုယ်လူကြီး ဖြစ်လာတော့လဲ ပြောရိုးပြောစဉ် ပြောနေကြရတာ၊ မစီစစ်ဖြစ်ကြ တော့ဘူး ဆိုပါတော့။

ဒကာ ဒကာမတွေကလည်း မိဘတွေနဲ့ အတူနေလာ၊ ဒီလိုနဲ့ အိုးကွဲအိမ်ကွဲ ဖြစ်လာကြတော့ မိဘတွေ ဆောင်ရွက်သလို မျိုး ဘာသာရေး ကိစ္စတွေမှာ ကိုယ်တိုင်ဦးစီး ဆောင်ရွက်ဖြစ်ကြတယ်။ ဘာမှ ထူးပြီးလည်း စဉ်းစားမနေတော့ဘူး။ အမေတို့ လုပ်ကိုင် ဆောင်ရွက်သလိုမျိုး လုပ်ပစ်လိုက်တော့တာ။

အဲဒီတော့ စာရေးသူ ပြောသလို “အနေကဇာတင်ရာမှာ ဘာမှ မလိုဘူး” ဆိုတာကို လက်မခံနိုင်ဘူး၊ မယုံကြည် ဘူးပေါ့။ သိနေတဲ့ အသိအမှားက အခံရှိနေခြင်း၊ ကိုယ်သာမဟုတ် လူတိုင်း ကာလကြာရှည်၍ သူရောငါပါ လက်ခံဆောင်ရွက်ကြ တာဖြစ်လို့ အမှန်တွေဟုသာ တထစ်ချ မှတ်ယူ နေကြတယ်။

ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး လွဲချော်နေတဲ့ အသိလေးများကို တည့်မတ် ပေးဖို့ ဘုရားပွင်လာတာ ဖြစ်တာမို့ လွဲမှားနေတဲ့ အသိလေးတွေကို တရားဟောရင်းနဲ့ ပြောဖြစ်ပါတယ်။

တစ်ခါက အိမ်ထောင်ကျသွားတဲ့သမီးဖြစ်သူရဲ့ အိမ်တက် အနေကဇာတင်မှာ သမီးဖြစ်သူက စာရေးသူကို တံခွန် ကုက္ကားစတာတွေ လုပ်ထား ရမလားမေးလို့ ဘာမှ မလိုကြောင်းပြောတာကို အမေဖြစ်သူက ဆရာတော်ကလဲ လုပ်ပြီး ရှေးထုံးတွေ မဖျက်ပါနဲ့တဲ့။ ရှေးထုံးကြီးတဲ့။

စာရေးသူက ဒါတွေမပါလို့ ဘာမှ မဖြစ်ပါဘူးပြောတော့ အဖေဖြစ်သူကတော့ ဘုရားဈေးက တံခွန်ကုက္ကားရောင်း သူတွေ မရောင်းရတာပေါ့ဘုရားတဲ့။ အမှန်ပါဘဲ။

“အနေကဇာတင်တယ်” ဆိုတာကို ဦးစွာ သဘောပေါက်ရင် ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်တို့ လို မလို ဆိုတာ သူ့အလိုလို ဘာသာ ရှင်းပါတယ်။

လေးအသချေင်္နဲ့ ကမ္ဘာတစ်သိန်းတိုင် ကာလကြာရှည်စွာ ပါရမီဆယ်ပါး စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးဆိုတဲ့ ပါရမီ အလုပ်များစွာတို့ကို အားထုတ်ခဲ့ရ တဲ့ မြတ်ဗုဒ္ဓ လောင်းလျာဟာ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန် မှာ မျှော်မှန်းခဲ့တဲ့ ဘုရားဖြစ်ရေး သဗ္ဗညုတဉာဏ်တော် ရရှိရေး ဆန္ဒတော်ကြီးဟာ အောင်မြင်ထမြောက်ပြည့်စုံခဲ့တယ်။

ဘုရားဖြစ်ပြီးစ အချိန် နှလုံးသားမှာ ဟန့်တားလို့ မရနိုင်လောက်အောင် အားရတော်မူလွန်းလို့ နှုတ်တော်မှနေ စကား တော်တွေ အံထွက် လာကြ တယ်။ အဲဒီစကားတော်များကို ဥဒါန်းစကားလို့ ခေါ်ဆိုတယ်။ ပီတိအဟုန်ကြောင့် ပေါ်ထွက်လာတဲ့ စကားတွေပေါ့။

ဆိုပါတော့ ကိစ္စတစ်ခုကို အလေးထား ဆောင်ရွက်ခဲ့တယ်။ အောင်မြင်ဖို့လည်း အထူးမျှော်မှန်းထားတယ်။မျှော်မှန်းထား တဲ့ အတိုင်းလည်း အောင်မြင်ဖြစ်ထွန်း ခဲ့ရင် အော်ဟစ်ခုန်ပေါက်ကာ ပျော်မြူးသွား သလိုမျိုးနဲ့ ခပ်ဆင်ဆင် တူမယ်ထင်ပါတယ်။

ဆီအိုးထဲ ဆီများသွန်းလောင်းတဲ့အခါ ဆီတွေကများပြီး အိုးကသေးနေလို့ အိုးအပြင် ဆီများလျှံတက် ကျလာသလို ကန်ဘောင်နဲ ့ ပြည့်စုံတဲ့ ရေကန်ကြီး အတွင်းသို့ ဝင်လာတဲ့ရေက များပြီး ကန်ဘောင်ပေါ်သို့ ရေများ လျှံတက်ကာ စီးဆင်းသွား သလိုမျိုးဟု ဥပမာနှစ်မျိုးနဲ့ ထင်ရှားအောင်ရှင်းပြထားတယ်။

ဥဒါန်းစကားတော်

၁။ အနေကဇာတိသံသာရံ (၂) ဂါထာ။

၂။ ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ပဋိလုံ။

၃။ ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ (၃) ဂါထာတို့ ဖြစ်ပါတယ်။

ယနေ့အခါမှာတော့ အနေကဇာတင်ရာမှာ ဟေတုပစ္စယော-စတဲ့ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိနဲ့ ကျက်သရေမင်္ဂလာ ကောင်းကျိုးချမ်းသာတို့ ဖြာဖြာမိုးမိုး ဖြိုးဖြိုးမောက် ပြည့်စုံစေရန် ရည်သန်၍ ဇယန္တော ဗောဓိယာ မူလေ-စတဲ့ ပုဗ္ဗဏှသုတ်လာ ဇယမင်္ဂလာ အောင်ဂါထာတို့ကိုလည်း ထည့်သွင်း ရွတ်ဆိုပူဇော်ကြပါတယ်။

ဗုဒ္ဓမြတ်စွာဟာ ဘုရားဖြစ်ပြီးစ အချိန်အနည်းငယ်မှာ ဥဒါန်းစကားတော်တို့ကို ကျူးရင့်တော်မူပါတယ်။ စဉ်းစားလိုက် ရင် သိသာပါတယ်။ အဲဒီ ဥဒါန်း စကားတော်တွေ ကျူးရင့်တော်မူစဉ်က ဗုဒ္ဓဘုရားရှင်ရဲ့ လက်တော်မှာ မည်သည့်အရာမှ ကိုင်ခြင်း မရှိပါ။ ဒါကြောင့် တန်ခွန်ကုက္ကား စတာတွေ မပါရင်လည်း ဖြစ်ပါတယ်။

“အနေကဇာတင်” ဆိုတာ ဘုရားကို ပန်းတင်သလို၊ ဆွမ်းတော်တင်သလိုမျိုးမဟုတ်။ ဘုရားဖြစ်စအချိန်မှာ ဗုဒ္ဓဘုရားရှင် ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားတော်များကို ရဟန်းတော်များက ရွတ်ဆိုပူဇော်ခြင်း ဖြစ်ပါတယ်။ ဘုရားဖြစ်စအချိန်က အရုဏ်တက်မို့ အရုဏ်တက်ချိန် အနေကဇာ တင်ရမယ်လို့ ထင်နေတာပါ။ အရုဏ်တက်ပြီးစမှ မဟုတ်၊ အဆင်ပြေတဲ့အချိန် တင်လို့ ရပါတယ်။ ဗုဒ္ဓနှုတ်ခပတ်မို့ အမြဲပူဇော်နေရင်တောင် အမြဲကုသိုလ်ရနေမှာပါ။ ဒါ့အပြင် အောင်ဂါထာတွေမို့ အမြဲရွတ်ဆိုပူဇော်နေရင် အောင်ဓာတ်တွေ ကိန်းနိုင်မယ် ထင်ပါတယ်။ ဗုဒ္ဓဂုဏ်တော် တွေဖြစ်လို့ပါ။

ယနေ့ အခါမှာတော့ ဗုဒ္ဓကိုယ်တော်တိုင် ကျူးရင့်နေသည့်အလား သံဃာတော်များက ရွတ်ဖတ်ပြီး၊ ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုပေါ်သို့ ရောက်စေရန် တင်ပေး လိုက်ခြင်း မျိုးဖြစ်နေတာမို့ “အနေကဇာတင်” ပေးတယ်လို့ ဆိုရမလားဘဲ။ ဥဒါန်းစကားတော်တို့ရဲ့ အစ စကားက “အနေကဇာတိ” ဖြစ်တယ်။ အနေကဇာတိ-ဆိုတဲ့ ပါဠိကို စွဲ၍ ပါဠိသက်ဝေါဟာရ အနေနဲ့ “အနေကဇာတင်” လို့ အလွယ်ခေါ်ဆိုဟန်တူပါတယ်။

“အနေကဇာတိ” အက္ခရာငါးလုံးမှာ နောက်ဆုံး “တိ”အက္ခရာ၌ လုံးကြီးတင်ကို “င်” အသတ် ပျောင်းလိုက်ရင် “အနေက ဇာတင်” ဆိုတဲ့ မွေးစားစကား ဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲလို ဗုဒ္ဓပူဇာကို “အနေကဇာတင်” လို့ ခေါ်ဆိုခြင်းကား အဘယ်အချိန်က စခဲ့တယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူး။ ရှေးမထေရ်တို့ရဲ့ အစဉ်အလာအတိုင်း ဘာသာရေး ယဉ်ကျေးမှုအရ ဆက်လက် ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ ပိဋကတ်တော်မှာ ဒီပါဠိတော်များကို ရွတ်ဆိုပြီး “အနေကဇာတင်” ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါ။ (စာရေးသူ စာမနှံ့လိုလည်း ဖြစ်နိုင်ပါတယ်။)

သံဃာတော်များက မိမိတို့နေအိမ်မှာ ကိုးကွယ်မယ့် ဆင်းတုတော်မြတ်ကို ထိုပါဠိတော်များနဲ့ရွတ်ဆိုပူဇော်ပေးခြင်းဟာ မိမိတို့နေအိမ်၌ ဘုရားပွင့်တော် မူလာခြင်း အသွင်ကို ဆောင်တယ်လို့လည်း ဆိုနိုင်ပါတယ်။

ဒါကြောင့် နေအိမ်ရှင်များက-

“ငါတို့အိမ်မှာ ဘုရားပွင့်ပြီးလို့သာ မှတ်ထားကြရပါမယ်”။

“ ပြီးတော့ ငါတို့မိသားစုတွေက ဘုရားနဲ့ အတူနေတာလို့လည်း သဘောပေါက်ကြရပါမယ်”။

ရုပ်ပွားတော်မြတ်ကို ဆန်၊ပန်း၊ပေါက်ပေါက်တွေနဲ့ ပစ်ပေါက်ခြင်းက ဘာကြောင့်လဲ ဆိုရင်တော့- မာရ်နတ်ကြီးက ဘုရား ပွင့်ထွန်းမည့် အရုဏ်သို့ မဆိုက်ရောက်ခင် တစ်ညအလို ညနေဆည်ဆာချိန်မှာ ဗောဓိပင်နဲ့ ရွှေပလ္လင်ကို လုတယ်။ ဓားမိုး လှံမိုး စတဲ့လက်နက်တွေနဲ့ ပစ်ပေါက်တယ်။ ဓားလက်နက်စတာတွေက ရှက်စနိုးကြလို့ မြတ်ဗုဒ္ဓထံတော် အရောက်မှာတော့ လက်နက်အသွင် မဟုတ်ကြတော့ဘဲ ပန်းများများ အသွင်ဖြစ်သွားကြသတဲ့။

ဒီကနေ့ အနေကဇာတင်ရာမှာ ဆန် ပန်း ပေါက်ပေါက်တို့ဖြင့် ရဟန်းတော်များက ပစ်ပေါက်နေခြင်းဟာ မာရ်နတ်နဲ့ သူ့စစ်တပ် ထိုတုန်းက ပြုမူဟန်ကို ပမာပြုခြင်းလို့ ဆိုနိုင်ပါတယ်။

ဆန် ပန်း ပေါက်ပေါက်တို့ဖြင့် ရဟန်းတော်များက ပစ်ပေါက် နေခြင်းဟာ မိမိတို့ကိုယ်တိုင် မာရ်နတ်ရဲ့ ဘက်တော် သားတွေ ဖြစ်နေသလိုမျိုးပါ။ အပျက်စိတ်နဲ့သာ ပစ်ပေါက်မိရင် ကံကြီး ထိုက်မယ်။ ယနေ့ခေတ်မှာ ပိုက်ဆံတွေနဲ့ပါ ပစ် ပေါက်ပေးနေကြရတယ်။

ပေါက်ပေါက်နဲ့ ပစ်ပေါက်ခြင်းကတော့ ပေါက်ပေါက် မြောက်မြောက် ဖြစ်စေဖို့ထင်ရဲ့။

ပိုက်ဆံများန ဲ့ပေါက်ကြတာကတော့ ငွေတွေ ဝင်လာမစဲ တသဲသဲ ပျံဝဲလာဖို့နေမှာပါ။

ရှေးဆရာတော်ကြီးများ ကိုယ်တော်တိုင် ထုံစံအတိုင်း ဆောင်ရွက်နေကြလေတော့ နောင်သံဃာများလည်း အစဉ်အလာ အတိုင်း ဆောင်ရွက်ပေးနေ ကြရတယ်။ ဘုရားနဲ ့ပတ်သက်တဲ့ကိစ္စမို့ စိတ်ထားတတ်ရင် ကုသိုလ်ရမှာပါ။

အနေကဇာတင်ခြင်းကား ရုပ်တုတော် စေတီတော်များ ထုလုပ် ကိုးကွယ်ခြင်းက အစပြုခဲ့တာ။ ထုလုပ် တည်ထားပြီး နောက် ဒီအတိုင်း ကိုးကွယ်ခြင်း ထက် ဘုရားဖြစ်စ အချိန်က ကျူးရင့်တော် မူခဲ့တဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပူဇော် ပေးခြင်းဖြင့် သိဒ္ဓိတင်သလိုမျိုးများ ဆောင်ရွက်တာ များလားဟုပင် စဉ်းမိပါတယ်။

မြန်မာလူမျိုးတို့က သိဒ္ဓိတင်ပေးတတ်သူကို အထင်ကြီးလေးစားကြတယ်။ ယုံမှတ်ကြတယ်။ ဘုရားကိုးကွယ်တာတောင် စီးပွားဖြစ်ဂမုန်းလို သဘောထား ကိုးကွယ်နေကြတာ။ ဘွဲ့အမည်တော်စီးတဲ့ ဆင်းတုတော်နဲ့ ပုံသဏ္ဍာန် ထူးဆန်းတဲ့ ဆင်းတုတော်များဆို ရက်မအားရအောင် နေအိမ်တွေမှာ နှစ်ကုန်အထိ လှည့်လည် ဒေသစာရီကြွကာ ပူဇော်ခံနေရတယ်။

အသိမိသားစုများ အနေကဇာတင်ပင့်လို့ ကြွရတိုင်း ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်က လာဘ်ခေါ်ဂမုန်းမဟုတ်ဘူး၊ ဘုရားထံ ဆုတောင်းပြီး ကိုယ့်ဒုက္ခ ကို ပြောပြသလိုမျိုး အပူ မကပ်ကြနဲ့လို့ အမြဲပြောဖြစ်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့ ကိုးကွယ်မှုကား ဗေဒင်နဲ့ နွယ်လျှက် ရောရော ထွေးထွေး ဖြစ်နေတာကို နေရာတိုင်း လိုလိုမှာ တွေ့ရ တယ်။ ယတြာချေခြင်း၊ ဘေးမဲ့ပေးခြင်း၊ ဘုရားကိုးဆူကပ်ခြင်း၊ ဂုဏ်တော်ပုတီးစိပ်ခြင်းတို့အပြင် အနေကဇာတင် ရာမှာလည်း ဗေဒင်ရဲ့ အငွေ့အသက်များ ပါဝင်နေတယ်။ တံခွန် ကုက္ကား၊ ထီးဖြူ၊ဂြိုဟ်ရွက်၊ ကြက်လျှာတို့ကို သံဃာတော်များ ကိုင်နေရတာကိုက သာဓကပါ။ ဒီကနေ့အခါမှာတော့ တတ်နိုင်တဲ့ ကုသိုလ်ရှင်များက သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုးကို အနေကဇာတင်မယ့် ရုပ်ပွားတော်အား ကပ်လှူပူဇော်တာ ကို တွေ့ရတတ်ပါတယ်။ ပိုပြီး ဗေဒင်ဆန်လာတာပေါ့။

ရွာမှမိသားစုအချို့သည် ရေကြည်ရာ မြက်နုရာဆိုသလို ကြည်မြင်တိုင်၊သီရိမင်္ဂလာဈေးတွင် စီးပွားလာရှာနေကြတယ်။ တစ်နေ့တွင် ကိစ္စနဲ့ စာရေးသူ ရောက်သွားရာ ၄င်းတို့အိပ်မှ ဆင်းတုတော်များကို အနေကဇာတင်ရာတွင် ရဟန်းတော်များ ကိုင်လျက် အသုံးပြုခဲ့တဲ့ ထီးဖြူ တံခွန် ကုက္ကား ကြက်လျှာ မလေးပွား ဂြိုဟ်ရုပ်စက္ကူ စတာတွေကို ဘယ်မှာ စွန့်ပစ်ရမည်မသိ ဖြစ်နေကြောင်းနဲ့ ထိုအရာတို့ကို မည်သည့်နေရာမှာ ထားရမှာကို မေးကြ လို့ “နတ်အိုးကွဲ”အကြောင်း ပြောဖြစ်ခဲ့တယ်။

နတ်စဉ်တင်တဲ့ နတ်ပန်းထိုးတဲ့ပန်းအိုး ကွဲသွားရင် အခြားအိုးကွဲတွေလို အိမ်နောက်ဖေးမှာ အခြား အသုံးမဝင်တဲ့ အဟောင်း အစုတ်ပလုပ်တွေလို ပစ်ထားသလိုမျိုး ထားဖို့ကလဲမဝန့်။ အရှင်ကြီးတွေ ကိုင်မှာစိုးရတယ်၊ အဲဒီ ထီးဖြူ တံခွန် ကုက္ကား ကြက်လျှာ မလေးပွား ဂြိုဟ်ရုပ်စက္ကူ စတာတွေ ကလည်း ပစ်စရာနေရာ ရှားလှတယ်။

စာဖတ်သူများလည်း စဉ်းစာကြည့်ပါ၊ ထိုအရာများကို ဘုရားစဉ်တွင် အမြဲတင် လှူထားရမှလား။ ဒါမဟုတ် အိမ်ရှေ၊ အိမ် နောက် အမှိုက်ပုံ မည်သည့်နေရာမှာ စွန့်ကြရမှာလဲ။

အထက်ပါ အနေကဇာတင် ဖြစ်စဉ်အရ ထီးဖြူ တံခွန် ကုက္ကား ကြက်လျှာ မလေးပွား ဂြိုဟ်ရုပ်စက္ကူ စတာတွေ လိုမလို ဆိုတာ ဘာသာရေးအသိဉာဏ် အထိုက်အလျောက်ရှိသူပင် ထိုကိစ္စ မလိုအပ်တာကို သိနိုင်ပါတယ်။ ဒါပေမယ့် တွင်ကျယ်နေတဲ့ ကိစ္စဖြစ်နေလို့ ဘုရားအနေကဇာ တင်ရာမှာ ထိုတံခွန် ကုက္ကားစတာတွေ မပါမဖြစ်လို့ အများအမြင် ရှိလာပါတော့တယ်။

အမှန်ကတော့ တံခွန်ကုက္ကားစတာတွေ မပါလည်း အနေကဇာတင်လို့ ဖြစ်တာကို ပြောချင်တာပါ။ အဲဒါတွေကို သိပ်အလေး မထားကြပါနဲ့။

ထေရဝါဒသာသနာ ထွန်းကားခဲ့တဲ့ တိုင်းနိုင်ငံတိုင်းမှာ စေတီပုထိုးနဲ့ ရုပ်ပွားတော်များ ထုဆစ်ကိုးကွယ်လေ့ ရှိကြတယ်။ စေတီတော်၊ ဆင်းတုတော် တို့ကို အများဆုံး ထုလုပ် ကိုးကွယ် တာကလည်း အခြားဗုဒ္ဓဘာသာ နိုင်ငံများထက်စာရင် မြန်မာပြည်က ပိုများပုံ ရပါတယ်။ ဒါကြောင့် အနေကဇာတင် ပူဇော်ခြင်းကား မြန်မာနိုင်ငံရဲ့ မူပိုင် ဘာသာရေး ဓလေ့များ ဖြစ်လေရော့သလားဟုပင် တွေးမိပါတယ်။

စေတီတော်တွင် ဓာတ်တော်များ ထည့်သွင်းခြင်း၊ ဆင်းတုတော်များ ထုလုပ်ခြင်းသည် သက်တော်ထင်ရှား မြတ်ဗုဒ္ဓ ကိုယ်စား ကိုးကွယ်နိုင်ဖို့ အတု(အတူ)ပြု ထုလုပ် ကိုးကွယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

ဘုရားရှင်ကား တစ်မြို့ တစ်ရွာ တစ်ကျောင်းတည်းမှာ အမြဲသီတင်းသုံး နေထိုင်ခြင်းမရှိ။ အချို့ဒကာ၊ဒကာမများ မြတ်ဗုဒ္ဓရှိလိမ့်မယ် အထင်နဲ့ ဇေတဝန် ကျောင်းတော်သို့ ဘုရားဖူး လာတတ်ကြတယ်။ ကျောင်းတော်ရောက်မှ ဘုရားမရှိတာနဲ့ ကြံုလို့ စိတ်မကောင်း ဖြစ်ကြရတယ်။

ဘုန်းကံ အလွန်ကြီးမားတဲ့ ဆရာတော်ကြီးများထံ ဝေးကွာတဲ့မြို့ရွာများမှ အဖူးမြော်သွားကြရာ ဆရာတော်ကြီး ခရီးသွားနေခိုက်နဲ့ကြံုပါက စိတ်မော လူမောနဲ့ ပြန်ရသလိုမျိုးနေမှာ။

အရှင်အာနန္ဒာ မထေရ်က အမြော်အမြင် ကြီးစွာနဲ့ ကျောင်းတော်မှာ ဗုဒ္ဓမရှိခိုက် ဗုဒ္ဓကိုယ်စား ပူဇော်ကိုးကွယ်နိုင်ရန် ဗုဒ္ဓကိုယ်စား ရည်မှန်းထုလုပ်တဲ့ ဥဒ္ဒိဿက ရုပ်ပွားတော်နှင့် ဗုဒ္ဓအသုံးအဆောင် ပရိဘောဂစေတီတော် တည်ထား ကိုးကွယ် ခွင့် တောင်းခံပါတယ်။ ဗုဒ္ဓက ဗောဓိပင် စိုက်ပျိုး ပူဇော်ဖို့ ခွင့်ပြုခဲ့တယ်။

အရှင်အာနန္ဒာက အရှင်မောဂ္ဂလာန်ကို မဟာဗောဓိပင်မှ အစေ့ကို ယူဆောင်စေပြီး ဇေတဝန်ကျောင်းတော် မုခ်ဝ အနီးမှာ ဗောဓိပင်ကို စိုက်ပျိုးစေပြီး ဗောဓိပင်အောက်မှာ ဗုဒ္ဓကိုယ်တော်တိုင် သမာပတ်ဝင်စံတော်မူပါတယ်။ ကိုးကွယ် သူတို့ အကျိုးများဖို့ အထူးဆောင်ရွက်ခြင်းဖြစ်ကြောင်း စာမှာ ဆိုပါတယ်။ (မိမိသိအပ်ပြီး အရဟတ္တဖိုလ်ကို ထပ်တလဲလဲ ဖြစ်စေခြင်းကို ဖလသမာပတ်-ဟု ဆိုသည်။)

ဗုဒ္ဓမရှိတော့တဲ့ ယနေလိုအခါမျိုးမှာ နေအိမ်မှာ ဘုရားဆောင်နဲ့ ဘုရားဆင်းတုတော်မျာ ထားကာကိုးကွယ်ကြခြင်းမှာ ဗုဒ္ဓဘာသာပီပီ ဘုရားနဲ့ အတူတူ နေချင်လို့ ဖြစ်ပါတယ်။ မြန်မာအများစုက မိဘနဲ့အတူနေလေ့ရှိကြတယ်မဟုတ်လား။

“ ငါတို့ဟာ ဘုရားနဲ ့အတူနေကြသူများ ဖြစ်တယ်။ ဘုရားမကြိုက်တဲ ့အကုသိုလ်အမှုကို လွန်ကျူးရင် ဘုရား သိလိမ့်မယ်” လို့ တွေးပြီး အကုသိုလ် ပြုလုပ်ခြင်းမှ ရှက်ခြင်းဟိရီ ၊ကြောက်ခြင်းဩတ္တပ္ပ-ဆိုတဲ့ သူတော်ကောင်းတရားနှစ်ပါးနှင့် ပြည့်စုံစွာ နေကြရမယ်။ ဒါမှ ဘုရားကို အလေးထားသလိုမျိုး ဖြစ်ပါတယ်။

ဥပမာ အလေးထားအပ်တဲ့ မိဘဆရာသမားတို့နဲ့ အတူနေသူတို့ဟာ မိဘဆရာသမားတွေ မနှစ်သက်တဲ့ကိစ္စများကို မလွန်ကျူးကြသလိုမျိုးပေါ့။ မိဘကို အလေးထားကြရမယ်မဟုတ်လား။ အကုသိုလ်ပြုခွင့် ကြံုလာခဲ့ရင်တောင် ဗုဒ္ဓရဲ့ပုံတော်ကို မြင်နေရင် မလွန်ကျူးဖြစ်ဖူးပေါ့။

နေအိမ်မှာ ဧည့်သည်တော့ ဖိတ်ခေါ်ထားပြီး ဧည့်သည်ကို ဘာမှမကျွေး မမွေး၊ ဂရုမစိုက်ဘဲ ပစ်ထားလို့ မဖြစ်ပါ၊ အလားတူ နေအိမ်မှာ မြတ်ဗုဒ္ဓကို အနေကဇာတင်ကာ ပင့်ထားပြီး ပန်းတော် ရေတော် ဆွမ်းတော် ဆီးမီး သစ်သီးတွေနဲ့ ဝေဆာနေ အောင် ပူဇော်ကြခြင်း အလျဉ်းမရှိကလည်း သင့်တော် မသင့်တော်ကို ကိုယ်တိုင်ဝေဖန် ဆန်းစစ် စေချင်ပါတယ်။

ဆီးမီးကပ်လှူဖြင်းဖြင့် မျက်စိအမြင်ကောင်းခြင်း၊ပန်းကပ်လှူခြင်းဖြင့် အနံ့လည်းသင်း၊ အဆင်းလည်းလှခြင်း၊ သောက်တော်ရေ ကပ်လှူခြင်းဖြင့် သန့်ရှင်းခြင်း၊ အေးချမ်းခြင်း၊ နံသာတိုင် ကပ်လှူခြင်းဖြင့် ဂုဏ်သတင်းမွေးခြင်း ကောင်းကျိုး များကို ရုပ်ပွားတော်မြတ်ကို အကြောင်းပြုပြီး ရနိုင်တယ်။ဘုရားစင်နှင့်ရုပ်ပွားတော်မြတ်သည် စိတ်ကို ကြည်လင်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဘုရားစင်ကို ကြည်ညိုဖွယ်ဖြစ်အောင် သန်းရှင်းသပ်ယပ် ပန်း ရေချမ်းတို့ဖြင့် ဝေဆာနေဖို့ လိုအပ်ပါတယ်။

ဒါ့ပြင် ပန်း ရေချမ်း သစ်သီး ဆီမီး ဆွမ်းကုသိုလ်ကောင်းမှု ပြုကြရုံမျှနဲ့ တင်းတိမ်အားရ ကျေနပ်မနေကြပါဘဲ၊ဣတိ ပိသော ဘဂဝါ အရဟံ စတဲ့ ဂုဏ်တော်ကို(၉)ပါးကိုလည်း ပွားကြရပါမယ်။ “ ပုံတော်မြင် ဂုဏ်တော်ပွား” ခြင်းက ဘုန်းတန်ခိုး ကျက်သရေး တိုးပွားခြင်းစတဲ့ အခြားကောင်းကျိုး အများအပြားကိုလည်း အပိုဆောင်းရနိုင်ပါတယ်။

ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်စတာတွေက အနေကဇာတင်ရာမှာ မပါမပြီးဟု အထင်ရှိကြတတ်ကြ၍ အဲဒါတွေ မပါရင်လည်း အနေကဇာတင်လို့ ဖြစ်ပါတယ်ဆိုတာရယ်၊ အချိန်မရွှေးလဲ အနေကဇာ တင်နိုင်ပါတယ် ဆိုတာရယ်ကို ဒေသနာတော်အရ ပြောပြ ချင်လို့ ရေးသားခြင်း ဖြစ်ပါတယ်။ မည်သူကိုမျှ အပြစ်ပြောခြင်းမဟုတ်ပါ။

တံခွန် ကုက္ကား စတာတွေ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကြည်ညိုစိတ်နဲ့ သက်တော်ထင်ရှား ဘုရားရှင်အား ရည်မှန်း ပူဇော် လှူဒါန်းခြင်း ဖြစ်တာမို့ ကုသိုလ်ဧကန် ရနိုင်ပါတယ်။

အရှင်ပညာသီဟာဘိဝံသ(ပဥ္စနိကာယ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။