ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မတ် ၁ ရက်မှစ၍ ခြောက်ရက်တာ ရေပြတ်တောက်မှုတွင် အရေးပေါ် ရေလိုအပ်မှုများ ရှိလာပါက ရေကားများဖြင့် ပေးဝေရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဒုတိယဌာနမှူး ဦးမျိုးသိန်း၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ အစီအစဉ်လုပ်ထားတာ ရှိတယ်။ ရေပြတ်တာက ငမိုးရိပ်ကလာတဲ့ရေပဲပြတ်မှာ။ လှော်ကားတို့ ဂျိုးဖြူပိုက်လိုင်းတို့က လာတဲ့ရေကတော့ ပေးနေမှာပဲ။ ငမိုးရိပ်ကလာတဲ့ရေ ပြတ်မယ်လို့ ကြေညာထားတယ်။ ကြေညာထားတဲ့ မြို့နယ်တွေမှာ အရှေ့ပိုင်းမြို့နယ်တွေက အများအားဖြင့် ရေပြတ်မှာများတယ်။ တာမွေတို့၊ မင်္ဂလာတောင်ညွန့်တို့ကျတော့ လှော်ကားက ပေးတာလည်းရှိတော့ လှော်ကားလိုင်းတို့၊ ဂျိုးဖြူလိုင်းတို့ ပေးတာကတော့ ရနေမှာဖြစ်တယ်။ ရေမရတဲ့ နေရာတွေကိုတော့ ရေတိုင်တွေ ရှိပါတယ်။ အရေးပေါ် ရေထည့်လို့ရတဲ့ ရေတိုင်တွေကနေ ရေကားတွေနဲ့ ရေအရေးပေါ်ပေးဖို့ လျာထားတာ ရှိပါတယ်။ ခရိုင်မှူးတွေရဲ့ ဖုန်းနံပါတ်ပေးထားတာ ရှိတယ်။ ခရိုင်မှူးတွေရဲ့ ဖုန်းကိုဆက်ပြီးတော့ အရေးပေါ် ရေလိုအပ်ချက်ရှိရင် ရေကားတောင်းလို့ ရပါတယ်” ဟု အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ဒုတိယဌာနမှူး ဦးမျိုးသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများအပြားတွင် လာမည့်မတ် ၁ ရက်မှ ၆ ရက်အထိ ခြောက်ရက်တာ ရေပြတ်တောက်မည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးနှိုးဆော်ထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနပိုင် ၀ါးဒလယ်ကွန်ကရစ် ရေတံလျှောက်အထွက်မြောင်း ကြံ့ခိုင်မှုဆောင်ရွက်မည့် လုပ်ငန်းကို မတ် ၁ ရက်မှ ၆ ရက်အတွင်း လုပ်ဆောင်မည်ဖြစ်သဖြင့် ယင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အများအပြားသို့ ရေပေးဝေနေသည့် ညောင်နှစ်ပင်ရေသန့်စင် စက်ရုံသို့ ရေဝင်ရောက်မှု ပြတ်တောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ညောင်နှစ်ပင်ရေသန့်စင် စက်ရုံမှ ရေပေးဝေနေသည့် မြို့နယ်များဖြစ်သည့် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ရေပြတ်တောက်မှုများ ရှိမည်ဖြစ်သဖြင့် ရေကြိုတင်စုဆောင်းထားကြရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က သတင်းထုတ်ပြန်ထားသည်။

အရေးပေါ် လိုအပ်လာပါက ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များမှာ အရှေ့ပိုင်းခရိုင်မှူး ၀၉ ၅၁၈၈၄၂၈၊ အနောက်ပိုင်းခရိုင်မှူး ၀၉ ရ၃၀၀၀၀၅၈၊ တောင်ပိုင်းခရိုင်မှူး ၀၉၅၀၅၄၅၆၅၊ မြောက်ပိုင်းခရိုင်မှူး ၀၉ ၅၀၈၁၂၂၉ တို့ကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

EMG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။