အရေးပေါ်သန္ဓေတားဆေးအကြောင်း ပျိုပျိုရွယ်ရွယ်အမျိုးသမီးတိုင်းဖတ်ဖို့။ 

အရေးပေါ်သန္ဓေတားဆေးဆိုတာဘာလဲ

အရေးပေါ်သန္ဓေတားဆေးကို Emergancy Contraceptive Pill ဒါမှမဟုတ် Morning After Pill လို့ ခေါ်ပါတယ်။ ဒီဆေးကို အကာအကွယ်မဲ့ချစ်တင်းနှောပြီးနောက်မှာ မလိုလားအပ်တဲ့ကိုယ်ဝန်မရရှိအောင် သောက်သုံးရတာပါ။ ချစ်တင်းနှောပြီးချိန်မှစလို့ ၃ရက်မှ ၅ရက်အတွင်းသောက်ရပါတယ်။ အဲဒီလိုသောက်သုံးခြင်းကနေ မိန်းကလေးတွေအတွက် ယောက်ျားလေးတစ်ယောက်နဲ့ ဆန္ဒပါလို့ပဲဖြစ်ဖြစ် ဆန္ဒမပါပဲနဲ့ဖြစ်ဖြစ် အတူတူနေချစ်တင်းနှောပြီး အမှတ်မထင်ကိုယ်ဝန်ရရှိခြင်းကနေကာကွယ်နိုင်ပါပြီ။

သူကဘာလုပ်တာလဲ

ချစ်တင်းနှောပြီးပြီဆိုရင် ယောက်ျားလေးကနေထွက်တဲ့ ပမာဏများပြားတဲ့ Sperm တွေဟာ မိန်းကလေးရဲ့ သားအိမ်လမ်းကြောင်းထဲကိုဝင်ရောက်သွားပါတော့တယ်။ သူတို့တွေဟာ သားအိမ်လမ်းကြောင်းထဲမှာ ၆ရက်လောက်အထိ အသက်ရှင်နိုင်ကြပြီး မိန်းကလေးရဲ့သားအိမ်ကနေ သားဥကြွေတဲ့အခါ ပေါင်းစည်းသန္ဓေတည်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီနေရာမှာ အရေးပေါ်တားဆေးသောက်လိုက်တဲ့အချိန်ကစပြီး သားဥကြွေခြင်းကို ခေတ္တရပ်တန့်ပေးလိုက်တဲ့အတွက် Sperm တွေဟာ ၆ရက်အတွင်း ပေါင်းစပ်ရမယ့်သားဥမတွေ့တဲ့အခါ သူ့အလိုလိုပျက်စီးသေဆုံးသွားကြတာပေါ့။ ဒီလိုနည်းနဲ့ပဲ မိန်းကလေးတွေကို ကိုယ်ဝန်မရဖို့ အကူအညီပေးတာပါ။

သူ့ကိုဘယ်လိုသုံးရလဲ

အရေးပေါ်တားဆေးများကို သောက်သုံးတဲ့အခါ သူ့မှာပါတဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာဖို့ ပြောချင်ပါတယ်။ ဆေးပုံစံက တစ်ကဒ်မှာ နှစ်လုံးပါတာလည်းရှိပါတယ်။ နှစ်လုံးပါရင် နှစ်လုံးစလုံးသောက်ရမှာပါ။ ဒီလိုသောက်တဲ့နေရာမှာလည်း ဘာမှမဖြစ်ပါဘူးဆိုပြီး နှစ်လုံးစလုံး တစ်ခါတည်းမသောက်ပဲ သူ့ရဲ့ ညွှန်ကြားချက်အတိုင်း သောက်ပေးပါ။ နှစ်လုံးတစ်ပြိုင်နက်သောက်လို့လည်း သင့်အတွက် ကိုယ်ဝန်မရအောင် ကာကွယ်ပေးနိုင်တဲ့စွမ်းရည် နှစ်ဆတက်လာမှာ မဟုတ်ပါဘူး။

သူ့မှာဘာတွေကောင်းတာရှိလဲ

အပေါ်မှာပြောပြထားတဲ့အတိုင်း ကွန်ဒုံးမသုံးပဲ ချစ်တင်းနှောထားရင်တောင် သူ့ကိုသောက်လိုက်ရင် ကိုယ်ဝန်မရနိုင်တာပါပဲ။ သင်ပုံမှန်သောက်နေတဲ့ သန္ဓေတားဆေးတွေ ကွန်ဒုံးတွေကတောင် အခန့်မသင့်ရင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရသွားနိုင်ပေမယ့် သူကတော့ အဲဒါတွေထက် ပိုမိုယုံကြည်စိတ်ချရပါတယ်။

သင်ဟာ သန္ဓေတားဆေးထိုးထားတာပဲဖြစ်ဖြစ်၊ သောက်ထားတာပဲဖြစ်ဖြစ် လုပ်ထားဖူးရင်လည်း သူဟာ အဲဒီဆေးတွေရဲ့လုပ်ဆောင်ချက်အပေါ် ထိခိုက်မှုမရှိပါဘူးနော်။ နောက်ပြီး လူတွေပုံမှန်သောက်သုံးတတ်တဲ့ တခြားဆေးဝါးတွေကိုလည်း ထိခိုက်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း သင်ကရောဂါကြီးတစ်ခုခုအတွက် ဆေးဝါးတစ်စုံတစ်ရာပုံမှန်သောက်သုံးနေရတဲ့သူဆိုရင်တော့ အရေးပေါ်တားဆေးမသောက်ခင် ဆရာဝန်နဲ့အရင်တိုင်ပင်ဖို့ အကြံပေးပါရစေ။

နောက်တစ်ခုက ဝယ်ယူရလွယ်ကူပါတယ်။ သူ့ကိုဝယ်ယူသောက်သုံးနိုင်ဖို့အတွက် ဆရာဝန်ရဲ့ဆေးစာ မလိုအပ်ပါဘူး။ ဒါကလည်း အားသာချက်ထဲ ထည့်ရပါလိမ့်မယ်။

သူက ဘာတွေဆိုးလဲ

အကာအကွယ်မဲ့ချစ်တင်းနှောတာက ကိုယ်ဝန်ရနိုင်ချေရှိသလိုပဲ ပြင်ပရောဂါပိုးတွေလည်း ကူးစက်နိုင်ချေရှိပါတယ်။ အရေးပေါ်တားဆေးဟာ ဒီနေရာမှာ ကိုယ်ဝန်မရရှိအောင်ပဲ သင့်ကိုကူညီပေးမှာပါ။ ပြင်ပကူးစက်ရောဂါတွေဖြစ်ပွားခြင်းက ကာကွယ်ဖို့အထိပါ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။

နောက်တစ်ခုက သူ့ကိုသောက်သုံးဖို့ဆိုရင် အတူတူချစ်တင်းနှောပြီး နှစ်နာရီအတွင်းသောက်သုံးတာ အကောင်းဆုံးပါ။ အရေးပေါ်တားဆေးကို သောက်တာနောက်ကျလေလေ ကိုယ်ဝန်ရနိုင်ချေများလေလေဆိုတာကို သဘောပေါက်ရပါလိမ့်မယ်။ ၃ရက်ကနေ ၅ရက်အတွင်းသောက်လို့ရပေမယ့် စောစောသောက်ပေးလေကောင်းလေပါပဲ။

သောက်သုံးတဲ့အခါမှာ မူးဝေတာမျိုးတွေ၊ ရင်တုန်တာမျိုးတွေ၊ အော့အန်ချင်တာမျိုးတွေ ဖြစ်တတ်တာ သူ့ရဲ့အားနည်းချက်ပါပဲ။ ပုံမှန် သန္ဓေတားဆေးတွေသောက်သလိုပဲ ဘေးထွက်ဆိုးကျိုးတွေကို သင်ခံစားရမှာပါ။

သူက စိတ်ချရလားမေးရင် စိတ်ချရပါတယ်။ ဒါပေမယ့် ရေရှည်သုံးဖို့အတွက်တော့ ကောင်းမွန်သင့်တော်တဲ့နည်းလမ်း မဟုတ်ပါဘူး။ ဒါကြောင့် ရေရှည်အသုံးပြုဖို့အတွက်ဆိုရင်တော့ ရေရှည်သားဆက်ခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ ရွေးချယ်နိုင်ပါတယ်။ ဒီလိုရွေးချယ်ရာမှာလည်း ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး မိမိနဲ့အဆင်ပြေကိုက်ညီတာကို ရွေးချယ်ကြဖို့တော့ ပြောပါရစေ။ အရေးပေါ်သန္ဓေတားဆေးကို တစ်ခါနေပြီးတိုင်း တစ်ကဒ်ပြီးတစ်ကဒ် သုံးစွဲနေခြင်းကိုတော့ လုံးဝမလုပ်ဖို့ တောင်းဆိုပါရစေနော်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။