အမေရိကန် နာမည်ကျော် ဂေါက်သီးရိုက်သမား တိုက်ဂါးဝုဒ်ဟာ Masters ပြိုင်ပွဲမှာ ဗိုလ်စွဲလို့ မေဂျာပြိုင်ပွဲကြီးတွေမှာ ၁၁နှစ်ကြာ အောင်မြင်မှုနဲ့ ဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အသက် ၄၃နှစ် အရွယ်ရှိတဲ့ တိုက်ဂါးဝုဒ်ဟာ မေဂျာပြိုင်ပွဲကြီးတွေမှာ ၁၄ကြိမ် အထိ ချန်ပီယံဖြစ်ဖူးပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် အောင်မြင်မှုနဲ့ ဝေးကွာနေတာ ကြာပါပြီ။ ၂၀၀၈ခုနှစ်တုန်းက US Open မှာ ချန်ပီယံဖြစ်ပြီး နောက်ပိုင်း မေဂျာပြိုင်ပွဲကြီးတွေမှာ ဗိုလ်စွဲဖို့ ရုန်းကန်နေရတာ ၁၀စုနှစ် တစ်ခုကျော်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ နှစ်ကစလို့ ဒဏ်ရာက ပြန်ကောင်းလာတဲ့ တိုက်ဂါးဝုဒ်ဟာ သူ့ရဲ့ ပုံမှန် လက်ရည် ပြန်ရလာခဲ့ပြီး မေဂျာပြိုင်ပွဲတွေမှာ ရလဒ်ကောင်းလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ကျင်းပတဲ့ မေဂျာ ပြိုင်ပွဲဖြစ်တဲ့ Masters မှာတော့ တိုက်ဂါးဝုဒ်ဟာ ၄ရက်ပေါင်း ရိုက်ချက် ၂၇၅ချက်နဲ့ ဗိုလ်စွဲနိုင်ခဲ့တာပါ။

နောက်ဆုံးနေ့မှာ The Open ချန်ပီယံ မိုလီနာရီနဲ့ ပြိုင်ခဲ့ရတဲ့ တိုက်ဂါးဝုဒ်ဟာ ကျင်းအမှတ် ၁၃၊ ၁၅၊ ၁၆ တွေမှာ တစ်ချက်လျော့ရိုက် ဘာဒီတွေ ဆက်တိုက် ရခဲ့လို့ ၂ချက် အသာနဲ့ ဦးဆောင်ခဲ့ပါတယ်။ နောက်ဆုံး ကျင်းအမှတ် ၁၈ မှာ တစ်ချက်ပို ရိုက်ခဲ့ရပေမယ့် ၄ရက်ပေါင်း ရိုက်ချက် ၂၇၅ချက် ( ၇၀၊ ၆၈၊ ၆၇၊ ၇၀) လျော့ရိုက်ချက် ၁၃ချက်နဲ့ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

SOURCE:DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။