မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံသစ်ကြီး(တောင်ဒဂုံ)ကို ဒီကနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လှော်ကားလမ်းနှင့် မြိတ်လမ်းထောင့်၌ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ရုပ်ရှင်ရုံသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းထိန်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယကစည်သူ ဦးဗိုလ်ကလေးတင့်အောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့် မင်္ဂလာကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်မင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကစည်သူ ဦးဗိုလ်ကလေးတင့်အောင်၊ ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် မင်္ဂလာကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်မင်းတို့က ဝမ်းမြောက် စကားများ ပြောကြားခဲ့ပာတယ်။ ယခုဖွင့်လှစ်လိုက်သည့် မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံသစ်ကြီး (တောင်ဒဂုံ)သည် မင်္ဂလာရုပ်ရှင် အုပ်စု၏ ၂၈ ရုံမြောက် ရုပ်ရှင်ရုံကြီးဖြစ်ပြီး ရုပ်ရှင်ရုံနှစ်ရုံ၌ လူပေါင်း ၄၆၀ ခန့် တစ်ချိန်တည်း ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။ မြန်မာ့ရုပ်ရှင်ဇာတ်ကားများအပြင် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားများ၊ တရုတ်၊ အိန္ဒိယအစရှိသည့် အာရှနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား များဖြင့် ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကြောင် သိရပါတယ်။

အဆိုပါ ရုပ်ရှင်ရုံသစ်ကြီးတွင် ဇွန် ၂၇ ရက်မှစပြီး “စိန်ဂေါ်လီမယောကျ်ား” ရုပ်ရှင်ဇာတ်ကားနှင့် “သတိအန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားများကို စတင်ပြသပေးလျက်ရှိပါတယ်။ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံသစ်ကြီး (တောင်ဒဂုံ)တွင် တစ်နေ့လျှင် ပွဲချိန် နံနက် ၁၀ နာရီ၊ နေ့လယ် ၁၂ နာရီခွဲ၊ ညနေ ၃ နာရီခွဲ၊ ည ၆ နာရီခွဲနှင့် ည ၉ နာရီခွဲပွဲစဉ် တစ်နေ့ ငါးပွဲနှုန်းဖြင့် လက်မှတ်ဈေးနှုန်းများမှာ ငွေကျပ် ၁၅၀၀၊ ကျပ် ၂၅၀၀၊ ကျပ် ၃၀၀၀၊ ကျပ် ၄၅၀၀၊ ကျပ် ၅၀၀၀ တို့ဖြင့် ဝယ်ယူကြည့်ရှုနိုင်ပြီး တစ်ပတ်စာကြိုတင် လက်မှတ်များကိုလည်း ဆက်သွယ် မှာယူနိုင် ကြောင်းသိရပါတယ်။ မင်္ဂလာရုပ်ရှင်အုပ်စုက ရန်ကုန်မြို့ ၁၅ နေရာ၌ ရုပ်ရှင်ရုံ ၃၁ ရုံ၊ မန္တလေးမြို့ ငါးနေရာ ၌ ရုပ်ရှင်ရုံ ရှစ်ရုံ၊ ပဲခူးနှင့် မုံရွာတို့၌ နေရာနှစ်ခုစီ၌ ရုပ်ရှင်ရုံသုံးရုံစီ၊ ပြည်မြို့၌ ရုပ်ရှင်ရုံ သုံးရုံ၊ မော်လမြိုင်၊ မကွေး၊ တောင်ငူမြို့ နေရာတစ်ခုစီ၌ ရုပ်ရှင်ရုံ တစ်ရုံစီဖြင့် စုစုပေါင်း ၅၁ ရုံ ဖြင့် နိုင်ငံတစ်ဝန်း ပြသဖျော်ဖြေပေးလျက်ရှိပါတယ်။

source - Moi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။