နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနား ကို ဒီကနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာ စကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်း သား ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 

အခမ်းအနားတွင်ဒေါ်အောင်ဆန်းစုကြည်ကတော့ "ကျွန်မတို့ ရုံးတွေက ဝန်ထမ်းတွေရဲ့ သားသမီးတွေ ၁၀ တန်းစာမေးပွဲအောင်တာနဲ့ ပတ်သက်ပြီး ကျင်းပတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီလို ၁၀ တန်း စာမေးပွဲအောင်တယ်ဆိုတာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာနောက်လိုက်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ အသက်မွေး ဝမ်းကျောင်း စပြီး ခြေလှမ်းပြီဆိုတာနဲ့ ကျောင်းတုန်းက အခြေအနေနဲ့ မတူပါဘူး။ ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် ဒီမှတ်တိုင် ဟာ ဘဝကို ဖြတ်သန်းတဲ့အခါမှာ အတိုင်း အတာတစ်ခုအထိ ရောက်လာပြီဆိုတာ ပြတာဖြစ်ပါတယ်။ မိဘများသည်လည်း ဒီနေရာအထိ ကိုယ့်သားသမီးတွေကို ပံ့ပိုး စောင့်ရှောက်ကြည့်ရှုခဲ့တယ်။ ဒီဟာအတွက် လည်း ဂုဏ်ယူနိုင်ပါတယ်။ ကျေနပ်နိုင်ပါတယ်။ကျောင်းသူ ကျောင်းသားများကလည်း ဒီအခြေအနေအထိ ရောက်လာပြီး အောင်အောင်မြင်မြင်နဲ့ စာမေးပွဲတွေကို ဖြတ်သန်း နိုင်ခဲ့တာကိုလည်း ဂုဏ်ယူနိုင်ပါတယ်။ တချို့ ကတော့ ဂုဏ်ထူးများစွာရတယ်၊ တချို့က သာမန်ပဲ အောင်တယ်၊ ကျွန်မတို့က ဂုဏ်ထူး ရတဲ့သူတွေကို ဂုဏ်ပြုတယ်ဆိုတာ ကြိုးစား တာကို၊ လုံ့လဝီရိယကို ဂုဏ်ပြုတဲ့သဘောပါ။ ဘယ်သူက ဘယ်သူ့ထက်တော်တယ်ဆိုပြီး ခွဲခြားတဲ့သဘော မဟုတ်ပါဘူး။ လုံ့လ၊ ဝီရိယ ရှိခြင်း၊ ဝီရိယစိုက်ထုတ်ခြင်း၊ ကြိုးစား ခြင်းကို ဂုဏ်ပြုပေးတဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် ဂုဏ်ထူးမထွက်ခဲ့တဲ့၊ သာမန်အောင်ခဲ့တဲ့ ကျောင်းသားတွေကလည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ သိမ်ငယ်စရာလည်းမလိုပါဘူး။ ပြောရမယ်ဆိုရင် စာမေးပွဲလုံးဝကျပြီးတော့ ဒီအခမ်းအနားကို မတက်နိုင်တဲ့ကလေးတွေ တောင်မှ စိတ်ဓာတ်ကျစရာမရှိပါဘူး။" ဟူ၍ ပြောကြားခဲ့ပါတယ်။  

"ဒါကြောင့် ဝန်ထမ်းများအနေနဲ့ နိုင်ငံ့ဝန် ကိုထမ်းရတာ ဂုဏ်ယူသလို ဝန်ထမ်းသားသမီး များအနေနဲ့ ကိုယ့်မိဘများဟာ နိုင်ငံ့ဝန်ကို ထမ်းတဲ့ပုဂ္ဂိုလ်တွေဆိုပြီး ဂုဏ်ယူစေချင်ပါ တယ်။ တချို့တွေက ဝန်ထမ်းလုပ်ရတာဟာ စီးပွားရေးလုပ်ငန်းရှင်တွေလောက် ဝင်ငွေ မကောင်းဘူး။ ဂုဏ်မရှိဘူးလို့ ထင်ရင်လည်း ထင်ကြမယ်။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုးဟာ ကောင်းမွန်တဲ့ ဝန်ထမ်း အဆောက်အအုံ တစ်ခုပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုးတောင့်မှ နိုင်ငံဟာလည်းတောင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ဂုဏ်ပြုနေတဲ့ ကျောင်းသူ ကျောင်းသားတွေထဲက ဝန်ထမ်း လောကထဲကိုဝင်ချင်မယ့် ကျောင်းသူကျောင်း သားတွေလည်း ပါလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ ကျွန်မတို့နိုင်ငံရဲ့ ဝန်ထမ်းတွေရဲ့ အဆင့်မြင့်လာတာနဲ့အမျှ ဝန်ထမ်းလောက ထဲကိုဝင်လာတဲ့ လူငယ်တွေလည်း များလာ မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေကို ဝန်ထမ်းလောကထဲကိုဝင်ဖို့ ဆွဲဆောင်ချင်ပါ တယ်။ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးတွေက များလာပြီး အမျိုးသားတွေက နည်းလာတယ်။ အမျိုးသမီး အမျိုးသားတန်းတူညီရေးဆိုတာ မျှမျှတတဖြစ်စေချင်တယ်။ ဘယ်မှာမဆို အမျိုးသားလည်းရှိရမယ်။ အမျိုးသမီးလည်း ရှိရမယ်။ တချို့နေရာတွေမှာ အမျိုးသမီးတွေက အားသာတယ်။ တချို့နေရာတွေမှာ အမျိုးသား တွေက အားသာတယ်။ နေရာတိုင်းမှာ တစ်ဦးချင်း တစ်ဦးချင်း ပြောမယ်ဆိုရင် ကိုယ့် အားနည်းချက်နဲ့ ကိုယ့်အားသာချက်ဆိုတာ ရှိတာချည်းပဲ။ ပူးပေါင်းဆောင်ရွက်မှ ပြီးပြည့်စုံ နိုင်မှာပါ။

" ဒီနေ့တက်ရောက်လာကြတဲ့ ကျောင်း သူ ကျောင်းသားများဟာ ဘဝမှာ ဘာလုပ်မယ် စိတ်ကူးထားလဲလို့တော့ ကျွန်မလည်းမသိဘူး။ မိဘများဟာ ဘယ်လိုမျှော်မှန်းထားလဲဆိုတာ မသိဘူး။ မိဘများကလည်း ကိုယ့်သားသမီး တွေအတွက် မျှော်မှန်းတဲ့နေရာမှာ သိပ်ပြီး တော့ ကျဉ်းကျဉ်းလေးမကြည့်ပါနဲ့၊ နိုင်ငံ့အတွက်လည်း ကြည့်ပါ။ သားသမီးတွေ အတွက်လည်း ကြည့်ပါ။ မိသားစုအတွက် လည်း ကြည့်ပါ။ ဒါပေမယ့် မျှမျှတတတော့ ကြည့်စေချင်ပါတယ်။ လူငယ်များ၊ ကျောင်းသူ ကျောင်းသားများကလည်း ဒီအတိုင်းပါပဲ။ ဒီအတိုင်းပဲ ကြည့်စေချင်ပါတယ်။ ကိုယ့်တစ်ယောက်တည်းအတွက် မကြည့်ပါနဲ့။ ကိုယ့်မိသားစုအရေးအတွက်လည်း မကြည့်ပါ နဲ့။ ကိုယ့်နိုင်ငံအတွက် ကြည့်ပါ။ အားလုံး အတွက် စုပြီးကြည့်မှသာ ကိုယ်ကနေပြီးတော့ ပြီးပြည့် စုံတဲ့ လူသားတစ်ယောက်ဖြစ်နိုင်မှာပါ။ ပြီးပြည့်စုံတဲ့ လူသားဆိုတာ ကိုယ့်အကျိုးပဲ ဆောင်နိုင်ရုံနဲ့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူများ အကျိုးဆောင်ဖို့ဆိုတာလည်း ပုထုဇဉ်လူသား တွေဖြစ်တဲ့အတွက် ဒါကတော့ လက်တွေ့မကျ တဲ့ တောင်းဆိုမှုမျိုး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘဝရဲ့မှတ်တိုင်တစ်ခုကို အောင်မြင်စွာဖြတ်သန်းပြီးတဲ့ ကျောင်းသား ကျောင်းသူများဟာ အခုဆက်ပြီးတော့ ပညာလိုက်စားဦးမှာလား၊ ဘဝအတွက်၊ အသက်မွေးဝမ်းကျောင်းအတွက် လောကထဲ ကို ထွက်ပြီးရှာမှာလား၊ ဘယ်လိုပဲသွားသွား၊ ဘယ်နေရာပဲသွားသွား၊ ကိုယ်ဟာ ကိုယ် တစ်ယောက်တည်းအတွက် လုပ်တာမဟုတ် ဘူး။ အများအတွက်ချည်းပဲ လုပ်လို့လည်း လက်တွေ့မကျဘူး၊ အားလုံး ကိုယ့်အကျိုး၊ အများအကျိုးအတွက်လုပ်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ စဉ်းစားပါ။ ဒီလောက ကြီးရဲ့ ပြောင်းလဲနေမှုတွေကိုလည်း သတိပြုပါ။လူငယ်များကတော့ မာန်ရှိတတ်တယ်။ ငါတို့ ခေတ်က အရင်ခေတ်တွေထက် တိုးတက်တယ်၊ ငါတို့ကပိုပြီးတော့တတ်တယ်၊ သိတယ်။ အထူးသဖြင့် နည်းပညာခေတ်မှာ ဒီလိုစဉ်းစား တတ်ကြပါတယ်။ ဒါလည်း လုံးဝမှန်တာ မဟုတ်ပါဘူး။ ခေတ်တိုင်း ခေတ်တိုင်းက သူ့အားသာချက်နဲ့သူ ရှိပါတယ်။ 

"ဒါကြောင့် လူငယ်များဟာ အသက်ကြီး လာတာနဲ့အမျှ တစ်နေ့မှာ လူငယ်ဟုတ် တော့မှာမဟုတ်ပါဘူး။ အခုကတည်းက လူကြီးလောကထဲကို ဝင်မယ့် လူငယ်တွေ ဖြစ်တာကြောင့် လူကြီးပီပီ စဉ်းစားဖို့လည်း တစ်ဖက်ကနေစပြီး ခြေလှမ်းရပါလိမ့်မယ်။ ဒါပေမယ့် တက်ကြွတဲ့လူငယ်စိတ်၊ ဆန်းသစ် တီထွင်ချင်တဲ့ လူငယ်စိတ်တွေကိုလည်း မပျက် အောင် ထိန်းသိမ်းထားရပါမယ်။ ဒီလိုနှစ်ခုလုံး ထိန်းသိမ်းထားမယ်ဆိုရင် လူကြီးစိတ်၊ လူငယ် စိတ် မျှမျှတတရင့်ကျက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ် လာအောင်၊ ရင့်ကျက်တဲ့ လူသားတစ်ယောက် ဖြစ်လာအောင် လုပ်နိုင်မယ်ဆိုရင် ဒါဟာ တကယ့်ဘဝမှတ်တိုင် တစ်ခုကို အောင်အောင် မြင်မြင်ကျော်လွှားလာနိုင်တယ်လို့ ကျွန်မတို့ ဒီလိုသတ်မှတ်လို့ရပါတယ်။ ကျွန်မ နိဂုံးချုပ်အနေနဲ့ အားလုံးကို ဂုဏ်ပြုတယ်ဆိုတာ ပထမဦးဆုံးကတော့ စာမေးပွဲတွေအောင်ခဲ့တဲ့၊ ကျောင်းသား ကျောင်းသူများ မဟုတ်တော့တဲ့ လူငယ်များ ကို ဂုဏ်ပြုပါတယ်၊ မိဘများကို ဂုဏ်ပြုပါ တယ်။ အားလုံးဝိုင်းဝန်းပြီးတော့ ဒီလိုအခမ်း အနားကျင်းပနိုင်အောင် ရဲဘော်၊ ရဲဘက်စိတ်နဲ့ ကူညီပေးတဲ့ ဌာနအသီးသီးက ဝန်ထမ်းတွေ ကိုလည်း ဂုဏ်ပြုပြီးတော့ ကျေးဇူးတင်ပါတယ် လို့ပြောချင်ပါတယ်"ဟု ပြောကြားခဲ့ပါတယ်။

source - The mirror daily  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။