အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် ၂၀၁၉ အာရှဘိလိယက်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့တဲံ မြန်မာ့ဂုဏ်ဆောင်အားကစားသမား ကိုနေသွေးဦးကတော့ ဆုတံဆိပ်တွေနဲ့အတူ ပြည်တွင်းကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။ ၂၀၁၉ အာရှဘိလိယက်ပြိုင်ပွဲနှင့် အာရှ ယူ-၂၁ စနူကာပြိုင်ပွဲ ဗိုလ်လုပွဲကို မနေ့က နံနက်ပိုင်းမှာ အိန္ဒိယနိုင်ငံ၌ကျင်းပရာ မြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမား နေသွေးဦး ချန်ပီယံဆုကို ထိုင်းကစားသမား ပရာပွတ် နှင့် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကြောင်းသိရပါတယ်။ ဆီမီးဖိုင်နယ်တွင် နာမည်ကြီးကစားသမား အက်ဗာနီကို အနိုင်ရလာသည့် ပရာပွတ်သည် ဗိုလ်လုပွဲတွင် လက်စွမ်းပြနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ နေသွေးဦးသည် ယခုပြိုင်ပွဲတွင် ပရာပွတ်နှင့် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး အုပ်စုပွဲတွေ့ဆုံစဉ်က အနိုင်ရခဲ့သလို ယခုဗိုလ်လုပွဲတွင်လည်း ထပ်မံအနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

နေသွေးဦးသည် ယခုပြိုင်ပွဲတွင် ပြိုင်ပွဲတစ်လျှောက် ပွဲတိုင်းအနိုင်ရပြီး ချန်ပီယံဆုရခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ချန်ပီယံဖြစ်ခဲ့သည့် နေသွေးဦးက "ဒီပြိုင်ပွဲက အာရှအဆင့် ပြိုင်ပွဲဖြစ်ပေမယ့် ကမ္ဘာ့ချန်ပီယံဖြစ်ထားတဲ့ ကစားသမားတွေပဲ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ပွဲတိုင်းအနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့လို့ ဝမ်းသာမိပါတယ်။ တကယ့်ကိုခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ပြီး ပွဲတိုင်းအနိုင်ရခဲ့ ပေမယ့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်မှာ ကစားခဲ့တဲ့ ချစ်ကိုကိုနဲ့ပွဲဆိုရင်လည်း အရှုံးကနေ လိုက်ကစားခဲ့ ရတာပါ။ ပြိုင်ဘက်တွေကလည်း အဆင့်မြင့်တဲ့သူတွေ ဖြစ်သလို ကျွန်တော်ရဲ့ ပွဲအတွက်ပြင်ဆင်မှုနဲ့ နည်းဗျူဟာ မှန်ကန်ခဲ့တယ်လို့ ပြောရမှာပါ။ အောင်မြင်မှုရအောင် ပံ့ပိုးပေးခဲ့တဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်၊ ဒု-ဥက္ကဋ္ဌတွေ၊ ကျွန်တော်ရဲ့ ဆရာတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ လာမယ့် ကမ္ဘာ့ပြိုင်ပွဲနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း အောင်မြင်မှုရအောင် ကြိုးစားသွားမှာပါ"ဟု ပြောပြခဲ့ပါတယ်။  

နေသွေးဦးသည် အုပ်စုသုံးပွဲ၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ စုစုပေါင်းခြောက်ပွဲစလုံးကို ဆက်တိုက် အနိုင်ရအောင် ထိုးနိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် ထိုင်းနာမည်ကြီးကစားသမား ပရာပွတ်ကို (၆-၂) ပွဲဖြင့် အနိုင်ရခဲ့တာဖြစ်ကြောင်း သိရပါတယ်။ နေသွေးဦးသည် အာရှဘိလိယက်ပြိုင်ပွဲတွင် ပထမဆုံး ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့ဂုဏ်ဆောင် ဘိလိယက်ချန်ပီယံ နေသွေးဦးရဲ့ ပြိုင်ပွဲပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

sOURCE - THE MIRROR DAILY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။