(၇၂)နှစ်မြောက် အာဇာနည်နေ့ မှာရန်ကုန်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ၊ဗိုလ်ချုပ်ကြေးရုပ် နှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ပြည်သူအများအပြားလာရောက်လေ့လာဂါရဝပြုခဲ့ ကြပါတယ်။ဒီနှစ် မှာတော့ ထူးခြားမှုအနေနဲ့ ဗိုလ်ချုပ်ပြတိုက် အဝင်လမ်းဘေးတစ်လျှောက်မှာ ဗိုလ်ချုပ်ရုပ်ပုံပါရှိတဲ့ ငွေစက္ကူများ၊ အကြွေစေ့များ၊ တံဆိပ်ခေါင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးဆောင်ရွက်ခဲ့ပုံတွေ မှတ်တမ်းဓာတ်ပုံ တွေကို ဗီနိုင်းပိုစတာကြီး ၁၈ ခုနဲ့ ပြသထားတာ တွေ့ရပါတယ်။ 

ပြတိုက်အတွင်း အောက်ထပ်ဧည့်ခန်းမကိုလည်း ဓာတ်ပုံ မှတ်တမ်းများထဲက အတိုင်း ပြင်ဆင်မှုများပြုလုပ်ပြီး ခင်းကျင်းပြသထားကာ ပြတိုက်အပေါ်ထပ်ရှိ ဗိုလ်ချုပ် အောင်ဆန်း၏ အိပ်ခန်းဆောင်တွင်လည်း အရင်ကပြသထား သည့် ပစ္စည်းများအပြင် ဗိုလ်ချုပ်အောင်ဆန်း၏ အသုံးအဆောင်ပစ္စည်း ၂၃ မျိုးကို ထပ်မံတိုးချဲ့ပြသထားတာကို တွေ့ရှိခဲ့ရပါတယ်။ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် နံနက် ၆ နာရီကျော် အချိန်မှစတင်ပြီး ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရ သောအား ဖြင့် ဂါရဝပြုခြင်း ၊ လွမ်းသူ့ပန်းခွေချခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံးဟောင်း တွင်လည်းကောင်း၊ အာဇာနည်ဗိမာန်တွင် လည်းကောင်း၊ မြို့နယ်များရှိ ပန်းခြံများတွင်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုများ တွင်လည်းကောင်း လာရောက်ဂါရဝပြုသူ၊ လေ့လာသူများဖြင့် များပြားခဲ့သည့် အပြင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် လူစည် ကားရာ နေရာများတွင် ပြည်သူများစုပေါင်းကာ စတုဒိသာကျွေးမွေး လှူဒါန်းမှုများလည်း ပြုလုပ်ကြသည်။အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်တဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ် တွင် လမ်းမကြီးများပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်များ၊ ပြည်သူများ အနေဖြင့် ရပ်တန့်၍ ကားဟွန်းသံရှည် တီးခြင်းများနှင့်အတူ ဦးညွတ်ဂါရဝပြုမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ အတွင်းဝန်ရုံးဟောင်း စသည့် နေရာ များ၌ ဂါရဝပြုလေ့လာကြသော ပြည်သူ စုစုပေါင်း ခုနှစ်သောင်းကျော်လာရောက် ဂါရဝပြုခဲ့ကြပါတယ်။ အာဇာနည်နေ့ကို နိုင်ငံတစ်ဝန်းအထူး အလေးထားကျင်းပခဲ့သည်။ 

Source : MOI Webportal Myanmar

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ ဖေဇော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။