မြန်မာနိုင်ငံရဲ့ အဖိုးတန်တိရစ္ဆာန်မျိုးတစ်ခုဖြစ်တဲ့ ပြည်တွင်းတောရိုင်းဆင်တွေနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း စိတ်ဝင်တစားရှိကြမယ်ထင်ပါတယ်။ ဆင်တွေနဲ့ပတ်သက်ပြီး ကာကွယ်မှုတွေကို များစွာပြုလုပ်လျှက်ရှိပြီး ဆင်သတ်ဖြတ်မှုကိုလည်း အတင်းအကျပ်တားမြစ်ထားကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ ထန်းတပင်ဆင်စခန်းတွင် ယမန်နေ့က ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် အနေနှင့် သက်ကြီးဆင်များအား သီးနှံစုံကျွေးမွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

အခမ်းအနားတွင် အသက်အရွယ်အိုမင်းပြီး ထိခိုက်ဒဏ်ရာကြောင့် တာဝန်ထမ်းဆောင်ခြင်းမှ အနား ပေးထားသော ဆင်အို(၅)ကောင်နှင့် ကွန်ဂျီဆင်(၃)ကောင်၊ စုစုပေါင်း ဆင် (၈)ကောင်ကို သစ်သီးဝလံမျိုးစုံ ကျွေးခဲ့ပါတယ်။ "လူနဲ့ဆင်တို့ရဲ့ ပဋိပက္ခ ကြီးထွားလာတာဟာ နယ်မြေချဲထွင်မှုတွေ ကြောင့် ဖြစ်ကြောင်း၊ လူတွေနေထိုင်ဖို့ မြေနေရာတွေ ချဲ့ထွင်လာတော့ ဆင်တွေရဲ့နေထိုင်မှု ကျဉ်းမြောင်းလာတာကြောင့် ဖြစ်ကြောင်း၊ အစာရှာရင်းနဲ့ နယ်ချဲ့သလိုဖြစ်လာပြီး ရန်သူသဖွယ် ဖြစ်ခဲ့ရတာပါ" ဟု အရေးပေါ် ကွန်ဂျီဆင်များအဖွဲ့ ခေါင်းဆောင် ဆင်ဆရာဝန် ဒေါက်တာ လင်းလင်းထွန်းက ပြောပြခဲ့ပါတယ်။ 

အရင်က ဆင်သတ် မုဆိုးတွေဟာ အစွယ်ကိုသာ ယူလေ့ရှိပြီး အစွယ်တစ်ချောင်းရဲ့ တန်ဖိုးဟာ မြန်မာငွေကျပ်သိန်း (၁၇၀) နီးပါးရှိပါတယ်။ အခုအချိန်မှာတော့ အရေပြားနဲ့အသားတွေကိုပါ ရောင်းဝယ်တာတွေ ရှိနေပြီး ဒေသခံတွေနဲ့ပူးပေါင်းကာ တခြားဒေသက ဆင်သတ်မုဆိုးတွေ လာရောက်လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါကြောင့် ဆင်တွေမျိုးမတုန်းအောင် ကာကွယ်ဖို့ အရေးကြီးတယ်လို့ အခမ်းအနားကို တက်ရောက်သူတွေက ပြောကြားခဲ့ကြပါတယ်။ လက်ရှိအချိန် အာဖရိကတိုက်တွင် ဆင်ကောင်ရေ(၄)သိန်းနီးပါး ကျန်ရှိနေပြီး အာရှတိုက်တွင်မူ ဆင်ကောင်ရေ (၄) သောင်း ခန့်သာကျန်ရှိတော့ကြောင်း၊ မြန်မာနိုင်ငံမှာတော့ ဆင်ကောင်ရေ (၁၆၀၀) ကနေ (၂၀၀၀) နီးပါးသာရှိတော့ကြောင်း မြန်မာ့သစ်လုပ်ငန်း ဦးစီးဌာနစာရင်းများ အရ သိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။