ကရင်ပြည်နယ်၊ ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းပိုင်းတွင် ဩဂုတ်လ ၉ ရက်နေ့ခန့်ကစ၍ ဂျိုင်းမြစ်ရေ မြင့်တက်မှုကြောင့် ဂျိုင်း(ကော့ကရိတ်) ပွန်တွန်းဗော တံတားချဉ်းကပ်လမ်း ရေကြီးနစ်မြှုပ်ခဲ့သဖြင့် ဘေးအန္တရာယ် မဖြစ်စေရေးအတွက် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုကို ခေတ္တပိတ်ထားခဲ့ရပါတယ်။ လက်ရှိ ရေများပြန်လည် ကျဆင်းသည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြန်လည်ဖြတ်သန်းခွင့် ပြုခဲ့ရာ တံတား တစ်ဖက်ခြမ်းစီတွင် ရပ်တန့်စောင့်ဆိုင်းနေသည့် ကုန်တင်ကား အစီးရေ တစ်ထောင့်ငါးရာခန့်စီကို ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင်အနီးကပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် စနစ်တကျ ဖြတ်သန်း သွားလာစေခဲ့ပါတယ်။ ထိုသို့ ဖြတ်သန်းခွင့် ပြုပြီးနောက် ကျားကလေးနှင့် သာယာကုန်း လမ်းပိုင်းတွင် ကုန်တင်ယာဉ်များ တစ်စီးနှင့်တစ်စီး ရှောင်တိမ်း သွားလာရာ၌ လမ်းပခုံးနိမ့်ကျသည့်အတွက် ရှောင်တိမ်း၍ မရဘဲ လမ်းပိတ်ဆို့မှု (Block) ဖြစ်ပွားခဲ့ရာ မနေ့က နံနက်ပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် လမ်းပိတ်ဆို့မှု ရှင်းလင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပ၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများအား တာဝန်များ ခွဲဝေပေးကာ ယာဉ်ပိတ်ဆို့မှုအား ရှင်းလင်း ဆောင်ရွက်လျက်ရှိပါတယ်။

ထိုသို့ လမ်းပိတ်ဆို့နေမှုအား ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လမ်းဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ အဆိုပါလမ်းပိုင်းအား တာဝန်ယူဆောင်ရွက်နေသည့် CRBC ကုမ္ပဏီမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင် ယာဉ်ငယ်များအား သတ်မှတ်နေရာ လမ်းကြောင်းများမှ စနစ်တကျ မောင်းနှင် သွားလာနိုင်ရေး ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ဘားအံမှ မြဝတီသို့ တက်မည့် ကုန်တင်ယာဉ်ကြီးများအား ကျားကလေး လမ်းဆုံ၊ အိန္ဒုလမ်းဆုံ၊ သာယာကုန်းနှင့် ဝဲကရင်ကျေးရွာအကြား၊ ကော့ကဒါကျေးရွာ စာသင်ကျောင်း အနီးတို့တွင် လည်ကောင်း၊ မြဝတီမှ ဘားအံဘက်သို့ ကုန်တင်ယာဉ်ကြီးများအား မြဝတီ ကုန်သွယ်ရေးဇုန်၊ လှိုင်ဝစစ်ဆေးရေးဂိတ်၊ ကိုးတိုင်ကျေးရွာ အနီးတို့တွင် ရပ်တန့် စောင့်ဆိုင်းစေ၍ အလှည့်ကျ စနစ်ဖြင့် စနစ်တကျ ဖြတ်သန်းသွား လာစေလျက်ရှိပါတယ်။

ရန်ကုန်-မြဝတီ၊ မြဝတီ-ရန်ကုန် တက်/ဆင်းမည့် (၁၃)တန်အောက် ယာဉ်ငယ်များကို ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် လမ်းအတိုင်း၊ မြဝတီမှမော်လမြိုင်-တနင်္သာရီသို့သွားမည့် ခါလီကားများနှင့် ယာဉ်ငယ် များကို ကိုးတိုင်-လှိုင်ကွယ် မှတစ်ဆင့် ချောင်းနှစ်ခွ-မုဒုံလမ်းအတိုင်း၊ ရန်ကုန်-ဘားအံမှ ကော့ကရိတ်-မြဝတီသို့ တက်မည့် ကုန်တင်ယာဉ် များကို အတက်လမ်းအဖြစ် သထုံ-သံလွင်တံတား (မော်လမြိုင်)၊ ဇာသပြင်-အိန္ဒု-သာမည-ကျားကလေး-ကျုံဒိုး-ကော့ကရိတ်-မြဝတီ အတိုင်း၊ မြဝတီ-ကော့ကရိတ်မှ ဘားအံ-ရန်ကုန်သို့ ဆင်းမည့်ယာဉ်များကို အဆင်းလမ်းအဖြစ် မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ကျားကလေး-ဇာသပြင်-ဘားအံ-ရန်ကုန်လမ်းအတိုင်း တစ်လမ်းစီ သွားလာကြရန် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် လမ်းဦးစီးဌာနမှ နိုးဆော် ထားကြောင်း သိရပါတယ်။ ၎င်းအစီစဉ်အတိုင်း ယာဉ်ကြော ရှင်းလင်းသည်အထိ သွားလာစေမည် ဖြစ်ကြောင်းနှင့် တစ်ရက်(သို့)နှစ်ရက်အတွင်း ယာဉ်ကြောရှင်းလင်းမှုကို အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

source - MoI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။