"သွေးအားနည်းစေသော ရောဂါများ" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးမှ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ "Hemolytic anemia" နဲ့ ပြင်ပအကြောင်းအရာတွေကြောင့်ဖြစ်တဲ့ "Hemolytic Anemia"ဆိုပြီး နှစ်မျိုးနှစ်စားရှိကြောင်းကို ဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်တော့ ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရသလဲဆိုတာနှင့် ကုသမှုအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။ ရောဂါလက္ခဏာတွေကတော့ မောပန်းနွမ်းနယ်တာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ ရေနွေးကြမ်းအရောင်ရင့်ရင့် ဆီးတွေသွားတာ၊ အသားဝါလာတာ ( မျက်သားနဲ့ အရေပြားဝါတာ)၊ အသည်းနဲ့ ဘေလုံးကြီးလာတာ၊ မူးဝေတာတို့ပဲဖြစ်ပါတယ်...။ "Hemolytic Anemia" က အချိန်တော်တော်ကြာတဲ့အထိ လက္ခဏာတွေ မပြတတ်ပါဘူး...။ အထူးသဖြင့် ရောဂါအခြေနေသိပ်မဆိုးတဲ့ သူတွေမှာဆို လက္ခဏာတွေ မပေါ်ကြပါဘူး...။ သွေးနီဥတွေ ဆုံးရှုံးစေတဲ့ ရောဂါဖြစ်တာကြောင့် သွေးအားနည်းလက္ခဏာတွေကို အဓိကတွေ့ရပါတယ်...။ သွေးနီဥတွေ အဖျတ်ခံရတဲ့ နှုန်းမြန်ဆန်ပြီး ပိုများရင် ဒီလက္ခဏာတွေကို ပိုသိသိသာသာ တွေ့ရတတ်ပါတယ်...။

photo credit pngtree

Hemolytic Anaemia ကို ကုသတဲ့အခါ များသောအားဖြင့် သွေးသွင်းတာ၊ ဆေးပေးတာ၊ plasmaphresis နည်းနဲ့ကုသတာ၊ ခွဲစိတ်တာ၊ ရိုးတွင်းခြင်ဆီအစားထိုးတာနဲ့ နေထိုင်စားသောက်မှုပုံစံကို ပြုပြင်တာတွေ လုပ်လေ့ရှိပါတယ်...။ ရောဂါသိပ်မဆိုးသေးရင် ကုသမှုခံယူဖို့တောင် မလိုပါဘူး...။ ဒါပေမယ့် အခြေနေဆိုးနေတာကို ကုသမှု သေချာမခံယူရင်တော့ အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်...။ ကုသတဲ့အခါမှာလည်း အဓိကရည်ရွယ်ချက်က သွေးနီဥတွေကို ဖျတ်ဆီးနှုန်းလျော့ချနိုင်ဖို့၊ ကျဆင်းနေတဲ့ သွေးနီဥ ပမာဏကို ပြန်ဖြည့်နိုင်ဖို့၊ သွေးနီဥတွေကို ဖျတ်ဆီးစေတဲ့အဓိကအကြောင်းရင်းကို ကုသဖယ်ရှားဖို့ ဒါကလည်း ရောဂါအမျိုးအစား၊ အကြောင်းရင်းနဲ့ အခြေနေအပေါ်မူတည်ပြီး ကုသရတာပါ...။ လူနာရဲ့အသက်အရွယ်၊ ကျန်းမာရေးအနေထားကိုလည်း ထည့်စဉ်းစားရပါသေးတယ်...။ ကိုယ့်ရောဂါက မွေးရာပါဆိုရင်တော့ တသက်လုံး ကုသမှုတောက်လျှောက် ခံယူသွားရပါမယ်...။ မွေးရာပါမဟုတ်ဘဲ အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအချက်တွေကြောင့် အသက်ကြီးမှ ဖြစ်လာတာမျိုးဆိုရင်တော့ အကြောင်းရင်းကို အတည်ပြုဖယ်ရှားနိုင်တဲ့အထိ ကုသမှုခံယူရပါလိမ့်မယ်...။ သွေးသွင်းတာက အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ ပြင်းထန်တဲ့အနေထားမျိုးတွေမှာ ပေးလေ့ရှိတဲ့ ကုသမှုပါပဲ...။ prednisolone လိုဆေးပေးကုသတာကတော့ တချို့ အမျိုးအစားတွေမှာတော့ တိုးတက်မှုတွေ တွေ့ရပါတယ်။ အထူးသဖြင့် Autoimmune Hemolytic Anemia (AIHA) ခေါ် ကိုယ့်ဆဲလ်ကိုယ် ပြန်သတ်တာကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ မှာ ပိုသိသာပါတယ်...။

photo credit pngtree

Corticosteroids တွေဟာ သွေးနီဥတွေကို ဖျတ်ပစ်မယ့် ခုခံအားဆဲလ်တွေကို ကန့်သတ်ပေးလိုက်တာကြောင့် ရောဂါအခြေနေကို သက်သာလာစေတာပါ။ corticosteroids ဆေးတွေပေးလို့ မသက်သာဘူးဆိုရင်တော့ ကိုယ်ခံအားဆဲလ်တွေကို ထိန်းမယ့် Rituximub, Cyclosporine လိုဆေးတွေထပ်ပေးလေ့ရှိပါတယ်...။ တကယ်လို့ sickle cell anaemia လို သွေးနီဥတွေဟာ တံစဉ်ပုံစံဖြစ်နေတဲ့ရောဂါမှာဆိုရင် Hydroxyurea ဆိုတဲ့ဆေးပေးတတ်ပါတယ်...။ ဒီလေးကတော့ သနေသားမှာ ရှိတဲ့ သွေးနီဥအမျိုးအစားတွေ ဖြစ်ပေါ်စေတာမို့ ပုံစံမကျတဲ့ သွေးနီဥတွေအစား သွေးနီဥအကောင်းအသစ် ရရှိစေပြီး ရောဂါအခြေနေကို တိုးတက်ကောင်းမွန်စေပါတယ်...။ တခြားကုသမှုနည်းတွေနဲ့ မရတော့ရင်တော့ Plasmapheresis နည်းနဲ့ ကုသကြပါတယ်...။ ဒီနည်းကတော့ သွေးပြန်ကြောထဲက သွေးတွေကိုအပ်နဲ့ ထုတ်ပြီး ထဲကနေ antibodies ခေါ် ကိုယ်ခံအားဆဲလ်တွေပါတဲ့ သွေးရည်ကြည် plasma ကို ဖယ်ရှားပစ်ပြီး အလှူရှင်ဆီက သွေးရည်ကြည်ကို ပြန်ထည့်ပေးတာဖြစ်ပါတယ်...။ ခွဲစိတ်တာကတော့ သွေးနီဥတွေကို ဖျတ်ပေးနေတဲ့ ဘေလုံးကို ခွဲထုတ်ပစ်လိုက်တဲ့နည်းပါပဲ။ ပုံမှန်ဘေလုံးကတော့ ရောဂါပိုးတွေနဲ့ သက်တမ်းရင့်သွေးနီဥအဟောင်းတွေကိုပဲ ဖျတ်ပေးတာပါ။ ရောဂါဖြစ်နေတဲ့၊ ရောင်နေတဲ့ ဘေလုံးကတော့ သွေးနီဥအကောင်းတွေကိုပါ ဖျတ်ဆီးပစ်တာမို့ ဒါကို ဖယ်ရှားလိုက်ရင် သွေးနီဥဆုံးရှုံးတာတွေလျော့နည်းပြီး သွေးအားနည်းတာ သက်သာလာပါလိမ့်မယ်...။Thalassemias လိုအမျိုးအစားတွေမှာဆိုရင်တော့ ရိုးတွင်းခြင်ဆီက ကျန်းမာကောင်းမွန်တဲ့ သွေးနီဥတွေကို ကောင်းကောင်းမထုတ်နိုင်တာကြောင့် ပုံစံမကျန၊ အရည်သွေးမမီတဲ့ သွေးနီဥတွေ ထွက်လာပြီး ဖျတ်ဆီးခံရပါတယ်။ ဒါကြောင့် ဒီလို အခြေနေမျိုးမှာ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုမျိုးပေးပါတယ်။ အရည်သွေးမီတဲ့ သွေးနီဥတွေ ပြန်ထုတ်ပေးနိုင်ဖို့အတွက် ကိုယ့်ရဲ့မကောင်းမွန်တဲ့ ခြင်ဆီနေရာမှာ အလှူရှင်ဆီကရတဲ့ ကျန်းမာကောင်းမွန်တဲ့ stem cell တွေ အစားထိုးလိုက်တာပါ။ နေထိုင်မှုပုံစံပြောင်းလဲတာကတော့ AIHA ( cold reactive antibodies) ရောဂါရှိနေတာဆိုရင် အအေးကိုရှောင်ပြီး နွေးနွေးထွေးထွေးနေထိုင်တာမျိုး၊ G6PD ဓာတ်ချို့တဲ့နေတာဆိုရင် ပရုတ်လုံး၊ တောင်ကြီးမြေပဲ၊ Chloramphenicol၊ Chloroquine လိုဆေးတွေကို သတိထားရှောင်ကြဉ်တာမျိုးကို ပြောတာပါ။ ဒါကြောင့် သွေးအားနည်းစေတဲ့ ဒီရောဂါတွေဟာ သံဓာတ်ဖြည့်စွက်ဆေးသောက်ပြီး နားလိုက်ရုံနဲ့ မပျောက်ကင်းနိုင်ဘဲ ဂရုစိုက်ပြီး ကုသမှုခံယူမှ ပျောက်ကင်းမှာဖြစ်ပါတယ်...။ သွေးအားနည်းခြင်းရဲ့ နောက်ကွယ်က စိုးရိမ်စရာအနေထားတွေကို သိရှိနားလည်ကြပြီး ကုသကာကွယ်နိုင်ကြပါစေ...။ ဒေါက်တာ စိမ့်စမ်းဖြူရေးသားထားတဲ့ "သွေးအားနည်းစေသော ရောဂါများ" ကျန်းမာရေးဆောင်းပါးမှ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရလဲ ဆိုတာနှင့် ကုသမှုအကြောင်း အပြည့်အစုံကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။