ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ အမျိုးသမီးတိုင်းတောင်းတတဲ့ ကျန်းမာသန်စွမ်း တောက်ပြောင်သော ဆံကေသာအလှပိုင်ရှင်မျိုး ဖြစ်ရအောင် ဆံပင်အတွက် လိုအပ်သော ဓာတ်တွေဖြစ်ကြတဲ့ ပရိုတင်းဓာတ်၊ သံဓာတ်၊ ဗီတာမင်စီဓာတ် တို့နဲ့ပတ်သက်ပြီး ဆွေးနွေးဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ (၁) ပရိုတင်းဓာတ် - ဆံနွယ်တွေဟာ ပရိုတင်းဓာတ်နဲ့ဖွဲ့စည်းထားတာမို့ ကိုယ်စားတဲ့အစားသောက်ထဲမှာ အသားဓာတ်လုံလုံလောက်လောက်ပါမှ ဆံကေသာတွေကို ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်...။ တကယ်လို့ ကိုယ်က အသားဓာတ်စားတာ အရမ်းနည်းနေရင် ဆံပင်တွေဟာ ခြောက်သွေ့ပြီး ကြွပ်ဆပ်ကျိုးလွယ်လာမယ်၊ ပါးပါးလေးဖြစ်နေပါလိမ့်မယ်...။ ဒါပေမယ့် အသားစားတာများရင်လည်း ဆံပင်တွေကျွတ်စေပြန်ပါတယ်...။ ကြက်သား၊ ကြက်ဆင်၊ ငါးအမျိုးမျိုး၊ နို့ထွက်ပစ္စည်းနဲ့ ဥအမျိုးမျိုး စတာတွေဟာ အသားဓာတ်ရရှိနိုင်တဲ့ အကောင်းဆုံးရင်းမြစ်တွေဖြစ်ပါတယ်...။ ပဲအမျိုးမျိုး၊ မြေပဲစတာတွေကနေလည်း လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ကောင်းစွာရရှိနိုင်ပါတယ်...။

photo credit pngtree

(၂) - သံဓာတ်ကတော့ ဆံပင်အတွက်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါပဲ...။ ဒါကြောင့်လည်း သံဓာတ်ချို့တဲ့အားနည်းတဲ့အခါ ဆံပင်တွေကျွတ်တာ ဖြစ်ပါတယ်...။ ဆံပင်ရဲ့အမြစ်နဲ့ အရည်အိတ်လေးတွေကို အာဟာရဓာတ်တွေကြွယ်ဝတဲ့ သွေးတွေက ထောက်ပံ့ပေးရပါတယ်...။ ခန္ဓာကိုယ်ထဲက သွေးနီဥလေးတွေဟာ အောက်ဆီဂျင်ကို သယ်ပြီး လိုအပ်တဲ့နေရာတွေကို ပို့ပေးတာဖြစ်ပါတယ်...။ ဒီသွေးနီဥလေးတွေကို ထုတ်လုပ်ဖို့အတွက်ဆိုရင် သံဓာတ်လိုအပ်ပါတယ်...။ သံဓာတ်ချို့တဲ့တဲ့အခါမှာ သွေးနီဥလေးတွေကို လုံလုံလောက်မထုတ်နိုင်တော့ဘဲ အောက်စီဂျင်ကိုလည်း လောက်ငှအောင် မပို့နိုင်တော့ပါဘူး...။ ဒီအခါမှာ ဆံပင်တွေကိုလည်း အောက်စီဂျင်အရောက်နည်းသွားတဲ့အတွက် ဆံပင်ကျွတ်တာတွေ ဖြစ်လာပါတော့တယ်...။ ဒါကြောင့် ဆံပင်ကျွတ်သက်သာအောင် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ဂရုတစိုက်စားရမှာဖြစ်ပါတယ်...။ အမဲသား၊ ပဲကြီး၊ ဝက်အသည်း၊ ဥအမျိုးမျိုး၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် (ချက်ပြုတ်ကြော်လှော်လိုက်ရင် အမဲရောင်ပြောင်းသွားတဲ့အရွက်အားလုံး)၊ မြေပဲ၊ ထောပတ်မြေပဲ၊ ဗီတာမင် စီကြွယ်ဝတဲ့အစားစာ (အူနံရံကနေ သံဓာတ်တွေကို စုပ်ယူတဲ့အခါမှာ ဗီတာမင်စီဟာ စုပ်ယူမှုအားကောင်းစေပါတယ်) တွေကို စားရမှာပါ...။ ဒါမှမဟုတ် သံဓာတ်အားဆေးတွေ သောက်လို့လည်း ရပါတယ်နော်...။

photo credit pngtree

ဗီတာမင်စီ - ဆံကေသာအတွက် အထောက်ပံ့ကောင်းဖြစ်တဲ့ သံဓာတ်ကို ကျွန်မတို့ ခန္ဓာကိုယ်က စုပ်ယူရာမှာ အားနည်းတာကြောင့် သံဓာတ်စုပ်ယူမှု အားကောင်းစေချင်ရင်တော့ ဗီတာမင်စီ လိုအပ်ပါတယ်...။ ဒါ့အပြင် ဗီတာမင်စီဟာ "Anti-oxidant" ခေါ် ဓာတ်တိုးတာကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိရှိပြီး ဆံပင်ကို အာဟာရဓာတ်တွေသယ်ဆောင်ပေးတဲ့ သွေးကြောလေးတွေအတွက်လိုအပ်တဲ့ ကော်လဂျင်ဓာတ်ထုတ်လုပ်တဲ့နေရာမှာလည်း အထောက်ကူဖြစ်စေတာကြောင့် ဆံကေသာကျန်းမာရေးအတွက် မရှိမဖြစ် သက်စောင့်ဓာတ်တစ်ခုပဲဖြစ်ပါတယ်...။ ဒါကြောင့် သံပရာသီး၊ လိမ္မော်သီး၊ ရှောက်သီးစတဲ့ ချဉ်တဲ့သစ်သီးတွေအပြင် ဗီတာမင်စီဆေးပြားလေးတွေကိုသောက်ပေးရင်လည်း လိုအပ်တဲ့ ဗီတာမင်စီကို ရရှိနိုင်မှာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "ဆံကေသာကျန်းမာသန်စွမ်းလှပဖို့" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးမှ ဆံကေသာအတွက် လိုအပ်သော ပရိုတင်းဓာတ်၊ သံဓာတ်၊ ဗီတာမင်စီဓာတ်တို့ နဲ့ပတ်သက်ပြီး အကြောင်းအရာပြည့်စုံကို ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree  

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။