ကိုယ်ဝန်ဆောင် ကာလအတွင်း သွေးဆင်းစေတဲ့ အကြောင်းအရာတွေထဲကမှ အဖြစ်များဆုံး အချင်းရှေ့ရောက်တာ "Placenta Previa"နှင့် အချင်းကွာတာ "Abruptio Placenta"ဆိုတာကို ဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်တော့ အချင်းရှေ့ရောက်တာနဲ့ ပတ်သက်ပြီး အသေးစိတ် တင်ဆက်ပေးမှာဖြစ်ပါတယ်....။ အချင်းရှေ့ရောက်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့.......

(၁) အမြွှာကိုယ်ဝန်ဆောင်တာ

(၂) သားသမီးများများမွေးထားတာ

(၃) မိခင်အသက်ကြီးတာ (၃၅နှစ် နောက်ပိုင်း)

(၄) အရင်ကိုယ်ဝန်မှာ ခွဲမွေးထားတာ

(၅) သားအိမ်ခွဲဖူးတာ၊ သားအိမ်ခြစ်ဖူးတာ

(၆) သားအိမ်ပုံမှန်မဟုတ်တာ

(၇) အငှားကိုယ်ဝန်ဆောင်တာ...စတာတွေကြောင့်ပဲဖြစ်ပါတယ်...။

Photo credit pngtree

အချင်းရှေ့ရောက်တာကိုမှ အမျိုးစားထပ်ခွဲပါသေးတယ်...။ သားအိမ်ခေါင်းရဲ့အတွင်းပိုင်းအဝကို အချင်းက အုပ်ကာထားရင် "Major Placenta Previa"လို့ သတ်မှတ်ပြီး သားအိမ်ရဲ့သားအိမ်အဝကိုမအုပ်ရင် "Minor Placenta Previa" လို့သတ်မှတ်ပါတယ်...။ Major မှာမှ Type I posterior, III, IV လို့ထပ်ခွဲထားပြီး Minor မှာဆိုရင် Type I and II anterior လို့ခွဲထားတာဖြစ်ပါတယ်...။ အချင်းရှေ့ရောက်နေတာ ဘယ်လိုသိနိုင်သလဲဆိုတာကတော့...လက္ခဏာတွေအနေနဲ့ အကြောင်းရင်း မယ်မယ်ရရမရှိဘဲ မကြာခဏသွေးဆင်းပါမယ်...။ ကိုက်ခဲနာကျင်တာတွေတော့ မရှိတတ်ပါဘူး...။ ဆင်းတဲ့သွေးကလည်း နီနီရဲရဲဖြစ်နေပါမယ်....။ သွေးဆင်းတာများသလောက် လူကလည်း ရင်တုန်တာ၊ မူးဝေတာ၊ ဖြူဖျော့တာ၊ သွေးပေါင်ကျတာတွေ ခံစားရပါတယ်...။ စမ်းကြည့်တဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်ကာလအတိုင်း သားအိမ်အရွယ်အစားရှိပါတယ်...။ သားအိမ်က ခပ်ပျော့ပျော့ဖြစ်ပြီး နာကျင်တာတွေမရှိပါဘူး...။ သန္ဓေသားရဲ့ အစိတ်ပိုင်းလေးတွေကိုတောင် စမ်းမိတတ်ပါတယ်...။ ဒါပေမယ့် ကလေးအနေထားမမှန်တာတော့ ရှိတတ်ပါတယ်...။ အချင်းက ခံနေတဲ့အတွက် ခေါင်းလာမစိုက်သေးပါဘူး...။ နားထောင်ကြည့်ရင် ကလေးနှလုံးခုန်သံကို ကြားရပါတယ်...။ အာထရာဆောင်းနဲ့ အတည်မပြုရသေးသရွေ့ မိန်းမကိုယ်ထဲ လက်ထည့်စမ်းတာတော့ မလုပ်ရပါဘူးနော်...။

Photo credit pngtree

အချင်းရှေ့ရောက်နေတာက နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကတော့....မိခင်မှာဆိုရင် သွေးတွေဆင်းတာများလာရင် ရှော့ရသွားနိုင်ပါတယ်...။ သွေးအားနည်းလာတာမျိုးဖြစ်တတ်ပါတယ်...။ မွေးပြီရင်လည်း သွေးသွန်ပါမယ်...။ မီးတွင်းမှာ သွေးဆိပ်တက် တတ်ပါတယ်...။ ခွဲမွေးရနိုင်ခြေ များပါတယ်...။ တခါဖြစ်ဖူးရင် နောက်တကြိမ် ထပ်ဖြစ်တတ်ပါတယ်....။ အချင်းကပ်နေတာ၊ ကျန်နေတာတွေ ရှိနေနိုင်ပါတယ်...။ ကလေးမှာဆိုရင်တော့..... ကလေးအနေထားမမှန်တာ မျိုးတွေ၊ လမစေ့ဘဲမွေးတာ မျိုးတွေဖြစ်တတ်ပါတယ်...။ ကလေးကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ၊ မွေးရာပါ ချို့ယွင်းမှုတွေပါလာတတ်ပါတယ်....။ နောက်ဆုံး ကလေးအသေမွေးတဲ့အထိပါ ဖြစ်နိုင်တာမလို့ အထူးဂရုစိုက်ရမှာဖြစ်ပါတယ်....။ ဒေါက်တာစိမ့်စမ်းဖြူ ရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၃)" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆောင်ကာလအတွင်း အများဆုံးသွေးဆင်းစေတဲ့ အကြောင်းအရာတွေထဲကမှ အချင်းရှေ့ရောက်တာ "Placenta Previa" ဆိုတာကို အသေးစိတ် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။