ကိုယ်ဝန်ဆောင်သွေးအားနည်းရောဂါကြောင့် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ - သွေးအားနည်းတာကို ပြန်ထိန်းညှိဖို့အတွက် နှလုံးကပိုညှစ်ထုတ်ပေးတာကြောင့် သွေးရည်ကြည်ပမာဏတွေ တက်လာမယ်၊ ရင်တွေတုန်လာမယ်၊ သွေးကပိုပြစ်လာပါမယ်...။ မီးတွင်းမှာ သွေးသွန်တဲ့ဒဏ်ကို မိခင်တွေက သိပ်မခံနိုင်တော့ပါဘူး...။ ကိုယ်ခံအားနည်းသွားတဲ့အတွက် ရောဂါတွေကလည်း ဝင်ဖို့လွယ်ကူလာပါမယ်...။ သွေးပြစ်လာတာကြောင့် သွေးခဲတွေဖြစ်လာပါမယ်...။ အနာကျတ်နှုန်းလည်း နှေးကွေးလာမယ်...။ နှလုံးက ပိုညှစ်ရတဲ့အတွက် Heart Failure ဝင်လာတတ်ပါတယ်...။ အမေမှာ နှလုံးရောဂါ၊ အဆုတ်ရောဂါတွေရှိရင် ပိုဆိုးတတ်ပါတယ်။ မိခင်သေနှုန်း၊ ကလေးသေနှုန်းတွေ များလာပြီး သန္ဓေသားဖွံ့ဖြိုးမှုလည်း နှောင့်နှေးကြံ့ကြာတတ်ပါတယ်....။
ကိုယ်ဝန်ဆောင်မိခင်တွေ သွေးအားနည်းလာရင် ဘယ်လိုလက္ခဏာတွေ မြင်ရလဲ - ပုံမှန်သွေးအားနည်းရောဂါလက္ခဏာတွေဖြစ်တဲ့ မောပန်းလွယ်တာ၊ နှုံးချိနေတာ၊ အားနည်းတာ၊ နည်းနည်းလောက်လှုပ်ရှားရုံနဲ့ မောပန်းလွယ်၊ ရင်တုန်တာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ နားအူတာ၊ ရင်ဘတ်အောင့်တာတွေ အပြင် အစာအူလမ်းကြောင်းမှာ ပြဿနာတစ်ခုခုရှိနေတာမျိုး၊ အစားအသောက်နဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်းတွေ ချင်ခြင်းတက်တာမျိုး၊ သန်မချရသေးတာ၊ ငှက်ဖျားဖြစ်ဖူးတာ၊ ကျောက်ကပ်ရောဂါရှိနေတာမျိုးတွေ မြင်ရတတ်ပါတယ်...။
လူနာကိုကြည့်လိုက်ရင်လည်း ဖြူဖျော့နေတတ်ပြီးအသည်းကြီးနေတာ၊ ဘေလုံးကြီးနေတာတွေ တွေ့ရပါတယ်။ သွေးအားနည်းတာအရမ်းဆိုးရင်တော့ သန္ဓေသားလည်းကောင်းကောင်းမဖွံ့ဖြိုးတဲ့အတွက် ကိုယ်ဝန်ကလည်း သေးနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်သွေးအားနည်းရောဂါဆိုတာ သေချာအောင်ဘာတွေ စစ်ဆေးရလဲဆိုတော့ သွေးနီဥပမာဏ စစ်တာတို့၊ သွေးတွင်း သံဓာတ်၊ ဖောလိတ်ဓာတ်စစ်တာတို့၊ Blood for CP တို့၊ ပိုးစစ်တာတို့၊ ဆီးစစ်၊ သွေးစစ် စတာတွေ စစ်ရပါတယ်။ သွေးရောဂါရှိတဲ့သူတွေမှာဆိုရင်တော့ ရိုးတွင်းခြင်ဆီစစ်ရတာတွေလည်း လုပ်ရပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၅) ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆောင်သွေးအားနည်းရောဂါကြောင့် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ၊ ကိုယ်ဝန်ဆောင်မိခင်တွေ သွေးအားနည်းလာရင် ဘယ်လိုလက္ခဏာတွေ မြင်ရလဲ ဆိုတာကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။
Source ဒေါက်တာစိမ့်စမ်းဖြူ
Photo credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။