အစာတစ်လိုင်း ပရိသတ်ကြီးရေ...ဒီတစ်ပါတ် "Cooking for You” အစီအစဉ်ကနေ ပင်လယ်စာ တုံယမ်းဟင်းချို ချက်ပုံ၊ ချက်နည်းလေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ ပြသပေးသွားမှာဖြစ်ပါတယ်။ စာဖိုမှူးလေးကတော့ MasterChef Myanmar (Season 1)ရဲ့ Top 3 ပြိုင်ပွဲဝင် မနီလာအောင်ဝင်းပဲဖြစ်ပါတယ်။ ရှမ်းပျိုမယ်လေးပီပီ အသံဝဲဝဲလေးနဲ့ ပြောဆိုတတ်ပြီး စေတနာပါပါ ချက်ပြပေးသွားတဲ့ တုံယမ်းဟင်းချိုရဲ့ အဓိကပါဝင်ပစ္စည်းလေးတွေနဲ့ ပြုလုပ်ပုံအဆင့်အဆင့်ကို အနည်းငယ်ပြောပြပေးသွားပါ့မယ်။

ထိုင်းအစာအစာ တစ်မျိုးဖြစ်တဲ့ ပင်လယ်စာတုံယမ်း ဟင်းချိုလေးထဲမှာ စပလင်၊ ပဒဲကော၊ ရှောက်ဘီလူးရွက် စတာတွေကို မပါမဖြစ်ထည့်ချက်ရမှာပါ။ ဦးစွာ ငရုပ်စုံထဲကို ကြက်သွန်(ဖြူ၊နီ)၊ ငရုပ်သီးခြောက်၊ ဂျင်း၊ နံနံပင်၊ ငါးပိ၊ ပုဇွန်ခြောက်မှုန့်၊ ဆားအနည်ငယ်၊ ငါးငံပြာရည်၊ ထန်းလျက်ခဲ အစရှိတာတွေကို ထည့်ထောင်းရမှာပါ။ ပြီးရင် အပ်မှိုနှင့် မှို၊ ပန်းပွင့်စိမ်း၊ ခရမ်းချဉ်သီး၊ ပြည်ကြီးငါး၊ ပုဇွန်တုပ်စတာတွေကို ရေစင်အောင်ဆေးပြီး ကိုယ်ချက်မယ့်ပမာဏအလိုက် လှီးထား၊ အခွံခွာထားရမှာပါ။ ဒါဆိုရင် သုံးပုံတစ်ပုံလောက်ပြီးသွားပြီလို့ ပြောလို့ရပါတယ်။

ထောင်းထားတဲ့အနှစ်တွေကို သင့်တင့်တဲ့ မီးနဲ့ ဆီသတ်ပါ။ နောက်ပြီး ခပ်ကြီးကြီး အိုးထဲကို ပုဇွန်ပြုတ်ရည်၊ ရှောက်ရွက်၊ စပါးလင်၊ ငရုပ်သီးထောင့်၊ ပဒဲကော စတာတွေကိုထည့်ပြီး ရေပွက်ပွက်ဆူတဲ့အခါကျမှ ဆယ်လိုက်ပါ။ ပြီးရင်တော့ စောနက လှီးထား၊ ခွာထားတဲ့ သဗ္ဗနပေါင်းစုံကို အိုးထဲ ထည့်ချက်ရတော့မှာဖြစ်ပါတယ်။ အနံ့လေးသင်းနေအောင် နံနံပင်လေးအုပ်ပြီး အချဉ်ဓာတ်လေးလည်းရှိအောင် ရှောက်သီးတစ်စိပ်လောက် ညှစ်ထည့်လိုက်မယ်ဆိုရင် လျှာလည်ပြီး၊ ဆွေမျိုးပါ မေ့သွားစေမယ့် ဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။