နိုင်ငံအတွက် စစ်မြေပြင်မှာ ကျဆုံးတာမျိုးမဟုတ်ဘဲ အချင်းချင်း ရိုက်နှက်တာကြောင့် အသက် ၁၈ နှစ် အရွယ်မှာ သေဆုံးသွားတဲ့ သားဖြစ်သူအတွက် ယူကျုံးမရ ဖြစ်တယ်လို့ ဖခင်ဖြစ်သူ ဦးခင်ဇော်ဝင်းကနေ ဗီအိုအေ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

“ကျနော်တို့အနေနဲ့ကတော့ ဒီလောက်မဟုတ်ဘူးဗျ။ သူ့အမေဆိုရင် ကြေကွဲမတတ် ခံစားရတာပေါ့။ ငိုလိုက် တက်လိုက်နဲ့ သူ့ကို မငိုအောင်ဘဲ မနည်းကို ထိန်းနေရတယ်။ အဲတော့ ကျန်တဲ့ ညီအကိုမောင်နှမတွေကလည်း သူက အဲ့လိုဖြစ်နေတော့ ကျန်တဲ့လူတွေက ငိုဖို့ ဆိုတာက သူက ငိုပြီးရင် တက်ရော၊ တက်တဲ့အခါကျတော့ ကျန်တဲ့လူတွေက မငိုရဲလောက်အောင် ကြိတ်ကြိတ်ပြီး ခံစားနေရတာပေါ့။ ကြေကွဲမတတ်ပေါ့။” ဟု ဦးခင်ဇော်ဝင်းမှ ဆက်လက်ပြောကြားခဲ့သည်။ 

“ဒီဟာကတော့ မဖြစ်သင့်တဲ့ကိစ္စပေါ့ဗျာ။ ကျနော်တို့တွေဆိုတာက တောင်သူလယ်သမားတွေပဲ။ တောင်သူလယ်သမားတွေက သားသမီးတွေကို ဆယ်တန်းအောင်အောင် ပညာသင်ပေးတယ်။ ပညာသင်ပေးပြီးတော့ နို်င်ငံအတွက် စစ်ထဲကို ဝင်ချင်တယ်ဆိုတော့ သားသမီးတွေရဲ့ ဆန္ဒပြင်းပြမှုအရ မိဘတွေက ခွဲပြီးတော့ ၁၆ နှစ်နဲ့ သင်တန်းထဲကို ထည့်လိုက်ရတယ်။ သင်တန်းအောင်တဲ့အတွက် ထည့်လိုက်တယ်။ ထည့်လိုက်ပြီး အခု ၁၈ နှစ်မှာ ကွယ်လွန်သွားတယ်ဆိုတော့ မဖြစ်သင့်တဲ့ကိစ္စပေါ့။ ဘာလို့မဖြစ်သင့်လဲဆိုတော့ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်းနဲ့ သေသွားတယ်ဆိုရင်တော့ နှစ်ခါ သေသေပေါ့ဗျာ။ နောင်လာနောင်သားတွေလည်း ဒီလို ဖြစ်လာမှာတော့ ကြောက်တာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ နောက်လည်း ဒီလိုအဖြစ်မျိုးတွေ ကြုံလာရင် စစ်ဗိုလ်လောင်းမိဘတွေက ဘယ်လောက် စိုးရိမ်ပူပန် သောကရောက်မလဲဆိုတာ မသိဘူးပေါ့ဗျာ။ ကျနော်တို့ကတော့ ကိုယ်တိုင်ခံစားလိုက်ရတော့ ရင်ကွဲမတတ် ဖြစ်သွားတာပေါ့။” ဟူ၍လည်း သားဖြစ်သူ သေဆုံးမှုအပေါ် ဝမ်းနည်းမှုကို ထုတ်ဖော်ပြောကြားခဲ့သည်။

ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ရောက်နေတဲ့ ဒုတိယနှစ် ဗိုလ်လောင်း အောင်ညီညီဇော် ကွယ်လွန်ခဲ့တာနဲ့ ပတ်သတ်လို့ တရားဥပဒေအရ ဆက်လက် ရင်ဆိုင်သွားမယ်လို့ ဖခင်ဖြစ်သူ ဦးခင်ဇော်ဝင်းက ပြောပါတယ်။ နောက်ဆုံးနှစ် ဗိုလ်လောင်းကျောင်းသား ဇွဲမာန်အောင်က အပြစ်ပေး ထိုးကြိတ်စဉ် ကွယ်လွန်ခဲ့တာပါ။

Source : VOA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။