လမ်းခွဲစကားပြောရတာဟာ လွယ်ကူလွန်းတဲ့အရာတော့ မဟုတ်ပါဘူး။ နာကျင်မှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ လူတစ်ယောက်ကို ကြိတ်မှိတ်သည်းခံပြီး ဆက်တွဲနေမယ့်အစား လမ်းခွဲပြီး ကိုယ့်အတွက် ကောင်းမွန်တဲ့ အနာဂတ်ဖန်တီးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ တကယ်စိတ်ကုန်သွားပြီ ဆိုရင်တော့ လမ်းခွဲခြင်းက သင့်အတွက်ရော သူ့အတွက်ရော အကျိုးှရှိပါတယ်။

၁။ ရှင်းလင်းပြတ်သားတဲ့သူ ဖြစ်ပါစေ။

ဇာတ်လမ်းပြီးသွားပြီလို့ သင်သေချာသွားပြီဆိုတာနဲ့ သင့်ဘက်က ပြတ်သားတဲ့သူဖြစ်မှ ရပါမယ်။ ပြန်တောင်းပန်တာနဲ့ နားလည်ခွင့်လွှတ်ပေးလိုက်တယ် ဆိုရင်တော့ အစကတည်းက ဘာမှမပြောတာ ပိုကောင်းပါဦးမယ်။ ပြတ်သားခြင်းက နာကျင်ပေမယ့် အဆုံးသတ်ရမယ်ဆိုတဲ့စိတ်မျိုး တွေးလိုက်ပါ။ ဒီမှာတင်ပြီးသွားပြီဆိုတာကို ပြတ်ပြတ်သားသားပြောပါ။ ပြတ်ပြန်သားသား ဆုံးဖြတ်ပါ။ ငါနင့်ကို ချစ်ပါတယ် ဒါပေမယ့် ဘာညာတွေပြောနေမယ်ဆိုရင် တစ်ဖက်လူကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတာမို့ အဲ့ဒီလိုစကားမျိုး လုံးဝမသုံးပါနဲ့။

၂။ တိုက်ရိုက်ရှင်းဖို့ လိုပါတယ်။

နှစ်ဦးသားလမ်းခွဲတော့မယ်ဆို ဖုန်းကနေ message ပို့ပြီး လမ်းခွဲတာမျိုးဟာ တကယ်ကို ဆိုးလွန်းပါတယ်။ ခုပြောမယ့်နည်းက သင့်အတွက် ခက်ခဲနိုင်ပေမယ့် ဒါဟာ အကောင်းဆုံးနည်းပါ။ သင်ဟာ တစ်ဖက်လူကို လမ်းခွဲမဲ့အကြောင်း မျက်နှာချင်းဆိုင် ပြောပါ။ ဆင်ခြေမပေးဘဲ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ ဖြစ်ရပ်မှန်ကို တတ်နိုင်သလောက် ရှင်းပြပါ။ အချိုသတ်ပြီး လမ်းမခွဲပါနဲ့။ ဒါဟာ တစ်ဖက်လူကိုလည်း မျှော်လင့်ချက်ပေးထားရာရောက်ပြီး ပိုနာကျင်သွားစေနိုင်ပါတယ်။

၃။လမ်းခွဲစကားပြောဖို့ ကောင်းမွန်တဲ့ အဆင်ပြေတဲ့ နေရာကိုရွေးပါ။

လမ်းခွဲစကားပြောတဲ့ နေရာဟာ နှစ်ယောက်စလုံးအတွက် ဘာအနှောင့်အယှက်မှ မရှိပဲ စိတ်သက်သာရာ ရစေမယ့် နေရာမျိုး ဖြစ်သင့်ပါတယ်။ သူ့ပတ်ဝန်းကျင် ၊ ကိုယ့်ပတ်ဝန်းကျင်မျိုး မဟုတ်ဘဲ နှစ်ယောက်စလုံးနဲ့ အဆင်ပြေမယ့် နေရာတစ်နေရာကိုသာ ရွေးချယ်ပါ။ ဒါပေမယ့် တစ်ခုသတိထားရမှာက သင်ချိန်းတဲ့နေရာဟာ သူအရမ်းသဘောကျတဲ့နေရာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါဟာ သူ့အတွက် ရက်စက်လွန်းရာ ကျသွားပါလိမ့်မယ်။

၄။ရှေ့ဆက် ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်း ပြောပါ။

လမ်းခွဲစကားပြောတဲ့အခါ နင်ကငါ့ကို ဘာလုပ်မပေးလို့ ဆိုတာမျိုး ကိုယ့်ဘက်က အတွေးတွေချည်း ကလေးဆန်ဆန် မပြောပါနဲ့။ နှစ်ဦးသားဘာ့ကြောင့် မဖြစ်နိုင်တော့တယ်ဆိုတာမျိုး သေချာပြောပြပါ။ ရှေ့ဆက်သွားမယ်ဆိုရင် ငါတို့နှစ်ယောက်အတွက် ဘာတွေဖြစ်လာမယ်။ ဘယ်လိုမကောင်းဘူး ဆိုတာလည်း သူ့ကိုပြောပြပါ။ သင့်အပေါ်မှာ သူမကောင်းဘူး ထင်တဲ့အရာတွေကိုလည်း သေချာဆင်ခြင်သုံးသပ်ပြီး သူ့ကို ပြောနိုင်ပါတယ်။ ဒီလိုအချိန်မှာ အတင်းကြီး အပြစ်ပြောနေတာမျိုးတော့ မလုပ်သင့်တော့ပါဘူး။ အဲ့ဒီအဆင့်လည်းကျော်သွားပါပြီ။

၅။ရင့်ကျက် တည်ငြိမ်သူ ဖြစ်ရန် ကြိုးစားနေထိုင်ပါ။

ဒီတစ်ယောက်ကို ဖြတ်ဖို့ နောက်တစ်ယောက်ထားတာမျိုး အဲ့ဒီအသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးတာမျိုး ဒါကတော့ သိပ်ကို ကလေးသိပ်ဆန်ပါတယ်။ ဒါ့အပြင် ကိုယ့်မိသားစုဝင်ထဲက တစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်းကတစ်ဆင့် ပြောခိုင်းတာမျိုးလည်း မလုပ်သင့်ပါဘူး။ သင်ကိုယ်တိုင်သာ ဖြေရှင်းသင့်ပါတယ်။ ဒါ့အပြင် လမ်းခွဲခြင်းက နာကျင်ရပါတယ်ဆိုမှ တခြားစိတ်ကူးယဉ်ဆန်တဲ့နည်းတွေကိုလည်း မသုံးသင့်ပါဘူး။ ဒါတွေသုံးလိုက်ရင် နှစ်ဦးကြား မဖြစ်သင့်တဲ့ ပြသနာတွေ ပိုဖြစ်လာပါလိမ့်မယ်။ ရင့်ကျက် တည်ငြိမ်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး သူ့ကို ကိုယ့်ဘဝရဲ့ ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်သာ သတ်မှတ်လိုက်ပါ။ သူ့ကို ဘယ်နေရာမှာတွေ့တွေ့၊ ဘယ်လိုအခြေအနေမျိုးမှာပဲ တွေ့တွေ့ စိတ်မလှုပ်ရှားဘဲ ပုံမှန်သာ ပြုမူဆက်ဆံပါ။ လူမှုအသိုင်းအဝိုင်းမှာ တင်းလွန်းတာလည်း မကောင်းသလို၊ ပျော့ည့ံညံ့ ဖြစ်လွန်းတာလည်း မကောင်းပါဘူး။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို အမြဲတမ်း ရင့်ကျက်အောင်၊ အတွေ့အကြုံတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပြီး အောင်မြင်ကြီးပွား တိုးတက်ကြပါစေ … ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။