၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိ

==========================================

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ၏ ပြိုင်ပွဲကျင်းပရေး ကော်မတီ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်အရ လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်း ပြုလုပ်မည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း တက်ရောက် လျှက်ရှိပြီး အစည်းအဝေးအတွင်း ၂၀၁၇ ခုနှစ်၌ အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ပြိုင်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့သည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲသည် ယခင်နှစ်များက နှစ်စဉ်ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို အသွင်ပြောင်းလဲ ကျင်းပခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံခဲ့ရာတွင် စတုတ္ထဆုသာ ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ယင်းပြိုင်ပွဲ၌ ချန်ပီယံတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ စတုတ္ထ လေးကြိမ် ရရှိထားသည်။

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲများမှ တဆင့် အရည်အသွေးမြင့် လူငယ် ကစားသမားများ ထွက်ပေါ်လေ့ရှိရာ ယင်းပြိုင်ပွဲသည် အာဆီယံ ဘောလုံးလောက အတွက် အရေးပါသည့် ပြိုင်ပွဲတစ်ရပ် အဖြစ် ရပ်တည်လျှက် ရှိသည်။

Source: MFF

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။